

(ပြည်တွင်း) အောက်တိုဘာလ ၁၅ ရက်
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။
ထိုသို ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ်အဆောက်အအုံ ၁ လုံးအား ဆက်လက် ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ ၉၄ ရာခိုင်နှုန်း ဖြိုချ ဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၅ ထပ်အဆောက်အအုံ ၁ လုံးအား ဖြိုချဖျက်ဆီးမှုမှာ ယနေ့အထိ ၄၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းနှင့် ၁၃ ထပ် အဆောက်အအုံ ၁လုံးအားလည်း ယမ်းပြင်ယမ်းကပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၆၃ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၄ လုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားပြီး စနစ်တကျဖြိုချ ဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့်အဆောက်အအုံ ၄ လုံးအနက် ၃ လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ ၆၀ ကိုလည်း ဆက်လက်၍စနစ်တကျ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု (Online Scam) များ ပပျောက်စေရေးအတွက် နိုင်ငံတော်အစိုးရက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အပြီးတိုင်လုံးဝပပျောက်သွားစေရေး အထူးအလေးထား နှိမ်နင်းလျက်ရှိကြောင်း သိရှိရသည်။