ရွှေပန်းတိမ်ဆိုင်သို့ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦး လာရောက်ဓားပြတိုက်

(မှုခင်း)အောက်တိုဘာ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဈေး(၁)အနီးရှိ ရွှေစည်တော် ရွှေပန်းတိမ်ဆိုင်တွင် အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လာရောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်မှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် အဆိုပါ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးက ဆိုင်အတွင်းရှိ အမျိုးသမီးထံမှ ငွေကြေးတောင်းခံခဲ့ပြီး ငွေပေးရန် ငြင်းဆန်သဖြင့် တုတ်ဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

အဆိုပါနှစ်ဦးသည် ယခင်ရက်များကလည်း ဆိုင်သို့ ပစ္စည်းတစ်ခုကို ငွေကျပ်တစ်သိန်းဖြင့် လာရောက်ပေါင်နှံခဲ့ဖူးပြီး ယနေ့တွင် ဆိုင်သို့ပြန်လည်ရောက်ရှိလာကာ ငွေတောင်းခံပြီးနောက် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓားပြတိုက်မှုတွင် ပါဝင်သည်ဟု သိရသည့် အမျိုးသားမှာ ရေစင်ဈေးတွင် ငါးရောင်းသူဖြစ်ပြီး လက်ရှိတွင် သက်ဆိုင်ရာအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။