(မှုခင်း) အောက်တိုဘာ ၂
အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂၅ နှစ်ချမှတ်ပြီး တိမ်းရှောင်တရားခံများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ငါးချဉ်ပိုင်းကျေးရွာနေ အမျိုးသမီးတစ်ဦးကို မူဆယ်မြို့နေ မျိုးအေး (ခ) မျိုးအောင်၊ နန်းမိုး (ခ) ရတနာ (ခ) ပလောင်မနှင့် မိုင်းအိုက်ရီတို့ သုံးဦးက တရုတ်နိုင်ငံ ရွှေလီမြို့ရှိ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ရမည်ဟု စည်းရုံးပြောဆိုပြီး မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ပို့ဆောင်၍ တရုတ်ယောကျ်ားထံ ငွေကျပ်သိန်း ၉၀ ဖြင့် ရောင်းစားခဲ့ကြောင်း စိစစ်သိရှိရသဖြင့် မူဆယ်မြို့မရဲစခန်း (ပ) ၁၆၄/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၄ ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ တရားခံမျိုးအေး (ခ) မျိုးအောင်၊ နန်းမိုး (ခ) ရတနာ (ခ) ပလောင်မနှင့် မိုင်းအိုက်ရီတို့သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈ (က) အရ အလုပ်နှင့်ထောင်ဒဏ် ၂၅ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ညောင်ပင်ကျေးရွာနေ အမျိုးသမီးနှစ်ဦးအား တစ်ရွာတည်းနေ ဒေါ်နီလာ (ခ) နီလာဝင်းနှင့် ခင်ပွန်းဖြစ်သူ ဦးချမ်းမြေ့အောင်တို့က တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ပါက ငွေကျပ် ၁၅ သိန်းခန့် ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး လားရှိုးမြို့ရှိ မခိုင်ဝင်းထွေးထံသို့ ချိတ်ဆက်ပို့ဆောင်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် သရက်ပင်ချောင်နယ်မြေရဲစခန်း (ပ) ၁၀/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၄ ရက်တွင် ဒဂုံမြို့ သစ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ဒေါ်နီလာ (ခ) နီလာဝင်းနှင့် ဦးချမ်းမြေ့အောင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံ မခိုင်ဝင်းထွေးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့သည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဘူတာစုကျေးရွာနေ အမျိုးသမီးနှစ်ဦးကို မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် အောင်မင်္ဂလာရပ်ကွက်နေ ဒေါ်ဌေးဝင်းခိုင် (ခ) မခိုင်မှ ကျိုင်းတုံမြို့ရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ပါက တစ်လငွေကျပ် ၄/၅ သိန်းရရှိမည်ဟု ပြောဆိုစည်းရုံးပြီး ကျိုင်းတုံမြို့သို့ခေါ်ဆောင်ကာ တင်မောင် (ခ) တိုးတက်အောင်နှင့် ချိတ်ဆက်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်တစ်မြို့ရှိ ပြည့်တန်ဆာနေအိမ် သို့ပို့ဆောင်ခဲ့ကြောင်း စိစစ်သိရှိရသဖြင့် သစ်ပုတ်ပင်နယ်မြေရဲစခန်း (ပ)၄/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် လယ်ဝေးခရိုင် တရားရုံးမှ တရားခံ ဒေါ်ဌေးဝင်းခိုင် (ခ) မခိုင်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၃ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ တင်မောင် (ခ) တိုးတက်အောင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အာလဝီဝန်းနေ အမျိုးသားတစ်ဦးအား မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နေ နိုင်ဝင်းအောင် (ခ) နိုင်နိုင် (ခ) စလေမန်ကြီး၊ မအိအိမွန် (ခ) မိမွန်၊ ကြည်နိုင်နှင့် ကျော်သီရိလှိုင်တို့ လေးဦးမှ ကျောက်ကပ်အစားထိုး ကုသရန်အတွက် ကျောက်ကပ်ထုတ်ပေးပါက ငွေကျပ်သိန်း ၁၀၀ ပေးမည်၊ ဆေးစစ်ပေးမည်၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမည်၊ တည်းခိုစရိတ်နှင့် လက်မှတ်ခများ အကုန်ကျခံပေးမည်ဟု ပြောဆိုစည်းရုံးပြီး အိန္ဒိယနိုင်ငံသို့သွားရန် ရန်ကုန်လေဆိပ်သို့ ခေါ်ဆောင်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း (ပ) ၁၀/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (ခ) ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၉ ရက်တွင် မင်္ဂလာဒုံခရိုင်တရားရုံးမှ ဖမ်းမိတရားခံ နိုင်ဝင်းအောင် (ခ) နိုင်နိုင် (ခ) စလေမန်ကြီး၊ မအိအိမွန် (ခ) မိမွန်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းနှင့် တိမ်းရှောင်တရားခံ ကြည်နိုင်နှင့် ကျော်သီရိလှိုင်တို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN