ရဲတပ်ဖွဲ့ကို ခေတ်မီစွမ်းရည်ပြည့်ဝပြီး ပြည်သူယုံကြည်အားကိုးသည့် တပ်ဖွဲ့ဖြစ်အောင် တည်ဆောက်ရန် သမ္မတမှာကြား

(ပြည်တွင်း) အောက်တိုဘာ ၁

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို **“မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်”** ဆိုသည့် မျှော်မှန်းချက်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး အဂတိကင်းစင်ကာ ပြည်သူချစ်ခင်သည့်၊ နိုင်ငံတော်နှင့် ပြည်သူတို့ ယုံကြည်အားကိုးရသည့် ခေတ်မီရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ တိုက်တွန်းမှာကြားခဲ့သည်။

နိုင်ငံတော်နှင့် ပြည်သူများအတွက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြောင်း သမ္မတက ပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ရဲတပ်ဖွဲ့ဝင် ၄,၉၄၀ ဦးကို စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ တံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ကာ ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် လုပ်ငန်းတာဝန်(၆)ရပ်တို့ကို အောင်မြင်စွာ အကောင်အထည်ဖော်ပြီး လေ့ကျင့်သားပြည့်ဝ၍ အဂတိကင်းရှင်းကာ ပြည်သူများ ယုံကြည်အားကိုးသည့် ရဲတပ်ဖွဲ့ဖြစ်အောင် တည်ဆောက်ရန်လည်း မှာကြားခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အရေးကြီးသည့် တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သဖြင့် စည်းကမ်းရှိစွာ၊ တာဝန်ယူမှုရှိစွာနှင့် ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းခဲ့သည်။Cyber Crime၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပိုမိုရှုပ်ထွေးလာသဖြင့် နည်းပညာစွမ်းရည်နှင့် မှုခင်းသတင်းအချက်အလက် စုဆောင်းသုံးသပ်မှုများ မြှင့်တင်ရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန် လိုအပ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှု ၇၀၄ မှု၊ ငွေကြေးခဝါချမှု ၄ မှု၊ လူကုန်ကူးမှု ၄၁ မှု၊ လက်နက်မှောင်ခိုမှု ၅ မှုနှင့် ဆိုက်ဘာမှုခင်း ၃၁၂ မှုတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို **Zero Tolerance** မူဝါဒဖြင့် နှိမ်နင်းဆောင်ရွက်နေပြီး ၂၀၂၆ ခုနှစ်တွင် သက်ဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့သည့်အပြင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ကြောင်း ဆိုသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှ စတင်၍ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သည့် KK Park ရှိ အဆောက်အအုံ ၆၃၅ လုံးနှင့် ရွှေကုက္ကိုလ်မြိုင်ကျေးရွာရှိ အဆောက်အအုံ ၇၇ လုံးကို ဖြိုချဖျက်ဆီးရှင်းလင်းခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သည့် နိုင်ငံခြားသား ၇၃,၂၅၈ ဦးကို ပြည်နှင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပြီး အထူးစစ်ဆင်ရေး ၄၁ ကြိမ် ဆောင်ရွက်ခဲ့သည့်အပြင် **“Operation 42”** ကိုလည်း အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရန် သမ္မတက မှာကြားခဲ့သည်။

၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များ၌ ကျပ် ၂,၂၀၉ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော် တန်ဖိုးရှိ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်သူများ၏ တိုင်ကြားမှုများနှင့် အကူအညီတောင်းခံမှုများကို မြန်ဆန်၊ မှန်ကန်၊ တာဝန်ယူမှုရှိစွာ ဖြေရှင်းပေးရန်နှင့် လူ့အခွင့်အရေးအခြေခံမူများကို လေးစားလိုက်နာကာ **ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ်** ကို မြှင့်တင်ဆောင်ရွက်ရန် သမ္မတက မှာကြားခဲ့သည်။ထို့အပြင် **Digital Policing၊ Police Technology၊ Forensic Science** နှင့် ခေတ်မီစုံစမ်းစစ်ဆေးရေးနည်းပညာများကို ထိရောက်စွာ အသုံးချပြီး အထောက်အထားအခြေပြု စုံစမ်းဖော်ထုတ်မှုများ မြှင့်တင်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်များကို စည်းကမ်းရှိစွာ၊ တာဝန်ယူမှုရှိစွာနှင့် ဥပဒေနှင့်အညီ ဆက်လက်ထမ်းဆောင်ရန် သမ္မတက အမှာစကားတွင် အလေးထားပြောကြားခဲ့သည်။

Telegram – t.me/positiveanglenews

#PAN