(မှုခင်း)အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့တွင် မိခင်ဖြစ်သူအား သားဖြစ်သူမှ ဓားမဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၃၀ရက် နံနက်၅နာရီအချိန်ခန့်က တောင်ငူမြို့ ၊ အမှတ် ( ၁၀) ရပ်ကွက် ၊ အုတ်ကျွတ်တန်း ၊ ၁၀ လမ်း ဒေါ်ငြိမ်းငြိမ်းစံ၏ နေအိမ်တွင် သားဖြစ်သူ ဟန်ထူးအောင် (၂၂ ) နှစ်မှ မိခင်ဖြစ်သူ ဒေါ်ငြိမ်းငြိမ်းစံ ( ၄၉) နှစ် ( စီမံကိန်း ဦးစီးအရာရှိ ရေတာရှည်မြို့ )အား အရိုး ၁၃ လက်မ ၊ အသွား ၉ လက်မ ခန့်ရှိ ဓားမဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓားမဖြင့် ခုတ်ခံရမှုကြောင့် ဒေါ်ငြိမ်းငြိမ်းစံတွင် ညာလက်ခလယ် ၊ လက်သန်းပြတ်ချဒဏ်ရာ ၊ နှာခေါင်း ပါးစပ် ပြတ်ချဒဏ်ရာ ၊ ဘယ်ဦးခေါင်း ပြတ်ချဒဏ်ရာ ၊ ဘယ်ဘက်လက်ကောက်ဝတ် ပြတ်ချဒဏ်ရာ ၊ ညာလက်ခလယ် ၊ မေးစေ့တို့တွင် ပြတ်ချဒဏ်ရာများ ရရှိကာ တောင်ငူ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်းသိရသည်။
မိခင်ဖြစ်သူအား ဓားမဖြင့်ခုတ်သတ်ခဲ့သည့် ဟန်ထူးအောင်အား တောင်ငူမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်းသိရသည်။

Telegram – t.me/positiveanglenews
#PAN