ကိုရီးယားနှင့် တရုတ်မှ ဆန် ၁,၃၀၉ တန်ကျော်ကို ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအတွက် လွှဲပြောင်းပေးအပ်

(ပြည်တွင်း) အောက်တိုဘာ ၁

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃(၂၀၂၅) အရ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က လှူဒါန်းသည့် ဆန် ၁,၃၀၉.၃၃၉ တန်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ APTERR အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းကာ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခဲ့ခြင်းကြောင့် မြို့နယ်လေးမြို့နယ်မှ အိမ်ထောင်စုတစ်သောင်းကျော်နှင့် လူဦးရေတစ်သိန်းကျော်သည် တစ်လခွဲနီးပါး ရေဘေးဒဏ်ခံစားခဲ့ရကြောင်း ပြောကြားသည်။

ထို့ကြောင့် ရေဘေးသင့်ပြည်သူများအတွက် ရေရှောင်စခန်းများ ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကလည်း ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုကဲ့သို့ APTERR အစီအစဉ်မှ ထောက်ပံ့ပေးသည့် ဆန်များသည် ရေဘေးသင့်ပြည်သူများအတွက် များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်းနှင့် ရေဘေးသင့်ပြည်သူများကို လာရောက်ထောက်ပံ့ပေးသည့် APTERR အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများအား နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရေဘေးသင့်ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က APTERR Tier 3 Program နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး APTERR အတွင်းရေးမှူးချုပ်ရုံး အထွေထွေမန်နေဂျာ Dr. Choomjet Karnjanakesorn နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ပထမအတွင်းဝန် Mr. Wang Xianzhong တို့က လှူဒါန်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် Tier 3 ဆန်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြုလွှာနှင့် ဒေသထွက်လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။

APTERR သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် အပေါင်းသုံးနိုင်ငံများအတွင်း သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်သည့်အချိန်တွင် လိုအပ်သည့်ဒေသများသို့ အရန်ဆန်များ ထောက်ပံ့ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။

အလားတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ တိုင်း/ပြည်နယ်/မြို့နယ် ဂီတအစည်းအရုံးများက ဒုတိယအကြိမ်အဖြစ် ကျပ်သိန်း ၁,၂၀၀ နှင့် ကျပ်သိန်း ၁,၀၀၀ ခန့်တန်ဖိုးရှိ ဆေးဝါး၊ အဝတ်အထည်နှင့် စားသုံးကုန်ပစ္စည်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) က ကျပ်သိန်း ၁၅၀ ကိုလည်းကောင်း လာရောက်လှူဒါန်းခဲ့ကြသည်။

ယင်းအလှူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းကာ တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်ခဲ့သည့် အခြေအနေများ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် စစ်တက္ကသိုလ် အမှတ်စဉ်(၂၂) မှ အရာရှိများနှင့် မိသားစုများ၊ Golden Land Group၊ Royal Sky ကုမ္ပဏီလီမိတက်၊ Dagon Golf City ဝန်ထမ်းမိသားစု၊ ဦးမောင်မောင်ကျော် (CEO, Dagon Golf Club)၊ ကိုဘော်ဘော်မိသားစုနှင့် ဦးဘိုဘိုထက်တို့က အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN