(ပြည်တွင်း) အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ယာယီကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၄၉၁ စု၊ လူဦးရေ စုစုပေါင်း ၂,၂၈၃ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
ရေဝင်ရောက်နေသည့် နေအိမ်များမှ ပစ္စည်းများကို ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းများကို အမှတ် (၃) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မိုးမင်းဝင်း၊ တပ်နယ်မှူး ဗိုလ်မှူး သန်းထိုက်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပြ) နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် မော်တော်ယာဉ် ၄ စီးနှင့် ကယ်ဆယ်ရေးလှေ ၄ စီး အသုံးပြု၍ အဖွဲ့ ၄ ဖွဲ့ခွဲကာ တနင်္သာရီမြို့ပေါ် ရပ်ကွက်များအတွင်း ရေဝင်ရောက်နေသည့် နေအိမ်များမှ ပစ္စည်းများကို ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ယာယီကယ်ဆယ်ရေးစခန်း ၁၀ ခု၌ အိမ်ထောင်စု ၄၉၁ စုမှ အမျိုးသား ၁,၁၀၈ ဦး၊ အမျိုးသမီး ၁,၁၇၅ ဦး စုစုပေါင်း ၂,၂၈၃ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် တနင်္သာရီမြစ်ရေ မြင့်တက်လာမှုကြောင့် ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး၏ မြိတ်-တနင်္သာရီ-ထုံခါလမ်းပိုင်းရှိ နေရာအချို့တွင် ကားလမ်းရေကျော်လျက်ရှိပြီး ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာ၍ မရသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရသည်။
ရေဘေးအန္တရာယ်ကြောင့် ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံရေးအတွက် ရေဝင်ရောက်လျက်ရှိသည့် အခြေခံပညာကျောင်း ၂၂ ကျောင်းကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN