(လွှတ်တော်) စက်တင်ဘာ ၃၀
အင်းစိန်မြို့နယ်အတွင်း အိမ်ရာကွက်ဖော်ပြီး အဆောက်အဦများ ဆောက်လုပ်ရောင်းချခြင်းနှင့် ဂရန်မြေကွက်များ ရောင်းချခြင်းတို့ကို မည်သည့်ဌာနက ခွင့်ပြုထားသည်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အိမ်ရာစီမံကိန်းများအတွက် သက်ဆိုင်ရာဌာနများက စိစစ်ဆောင်ရွက်နေပြီး အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့် ထုတ်ပေးထားခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ **9-Avenue Villa** ကို I Green Construction Co., Ltd က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးကာရံခဲ့သဖြင့် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ တရားစွဲဆိုအရေးယူထားကြောင်း သိရသည်။
အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ မြို့ပြမြေစီမံခန့်ခွဲမှုဌာနတွင်လည်း မြေကွက်ခွဲစိတ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး မြေပြင်တွင် အဆောက်အအုံများ ဆောက်လုပ်ထားခြင်းမရှိကြောင်း သိရသည်။
ထို့အပြင် ဖော့ကန်ရပ်ကွက်ရှိ **Palm Hill Villa** ကိုလည်း I Green Construction Co., Ltd က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးကာရံထားသဖြင့် ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ တရားစွဲဆိုအရေးယူထားကြောင်း သိရသည်။
Palm Hill Villa အတွက် မြေကွက် ၂ ဒသမ ၉၂၈ ဧကတွင် အဆောက်အဦ ၈ လုံး တင်ပြထားခြင်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ရာတွင် မြေကွက်ခွဲစိတ်ပြီး မြေကွက်တစ်ကွက်ချင်းစီအလိုက် တင်ပြလာမှသာ ဆက်လက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း အမှုတွဲပိတ်သိမ်းခွင့်တွင် ထည့်သွင်းအကြောင်းကြားထားကြောင်း သိရသည်။
လက်ရှိမြေပြင်တွင်လည်း အဆောက်အအုံများ ဆောက်လုပ်ထားခြင်းမရှိကြောင်း သိရသည်။အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်ရှိ **OASIS Villa** ကို I Green Construction Co., Ltd က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် မုဒ်ဦးနှင့် အကာအရံများသာ ဆောင်ရွက်ထားကာ မြေပြင်တွင် အဆောက်အအုံများ ဆောက်လုပ်ထားခြင်းမရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်ရှိ **Royal Taw Win Villa** နှင့်ပတ်သက်၍ မြေပြင်စစ်ဆေးချက်အရ **Royal Ponnami Residences** ကို Max Co., Ltd နှင့် ရွှေတောင်ကုမ္ပဏီလီမိတက်တို့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Royal Ponnami Residences တွင် ခြံစည်းရိုးကာရံခွင့် တင်ပြထားခြင်းနှင့်ပတ်သက်၍လည်း စိစစ်ဆောင်ရွက်လျက်ရှိပြီး မြေပြင်တွင် အဆောက်အအုံများ ဆောက်လုပ်ထားခြင်းမရှိကြောင်း သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းများနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနနှင့် အင်ဂျင်နီယာဌာန (အဆောက်အအုံ) တို့က စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။သက်ဆိုင်ရာဌာန၏ ပြန်လည်ဖြေကြားချက်အရ အဆိုပါအိမ်ရာစီမံကိန်းများအတွက် **အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့် ထုတ်ပေးထားခြင်းမရှိသေးကြောင်း** သိရသည်။

Telegram – t.me/positiveanglenews
#PAN