ပြင်ဦးလွင်မြို့နယ်၌ JAC ၁၀ ဘီး ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် ၉ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၆၂ သိန်း ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ဒေသကာလတန်ဖိုး ငွေကျပ် ၉ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၈ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပင်လိန် (အရှေ့) ကျေးရွာအနီးတွင် သတင်းအရ ပုန်းလျှိုးစောင့်ဆိုင်း၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးစဉ် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ရပ်ကွက်နေ ဝင်းနိုင်ဦး (ခ) ဝင်းနိုင် (၅၄) နှစ် မောင်းနှင်လာသည့် JAC အမျိုးအစား ၁၀ ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် စနစ်တကျ သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၆၂ သိန်း (တစ်ပြားလျှင် ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၉ ဒသမ ၃ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဝင်းနိုင်ဦး (ခ) ဝင်းနိုင် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်လှစ် အရေးယူထားပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု ကွန်ရက်တစ်ခုလုံးကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာက ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။