
(မှုခင်း) စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ခရီးသွားလာနေသည့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် မတော်မတရား ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက် နံနက် ၅ နာရီခွဲတွင် ပေါက်ခေါင်းမြို့နယ်၊ မတောင့်တကျေးရွာနေ ဦးဉာဏ်ပိုင်ကျော် (၃၇) နှစ်သည် မတောင့်တကျေးရွာမှ ပြည်မြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ပေါင်းတလည် – ဝက်ထီးကန်သွား ကားလမ်းပေါ်အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား အင်အား (စိစစ်ဆဲ) အဖွဲ့က ဆိုင်ကယ်အား အကြောင်းမဲ့ တားဆီးကာ သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးဉာဏ်ပိုင်ကျော်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ် အရေးယူနိုင်ရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။