

(ပြည်တွင်း) စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်မြို့နယ်၊ တောင်လေးကျေးရွာက မိန်းကလေးငယ်တစ်ဦးကို ရွာသားတွေက ဝိုင်းဝန်းရိုက်နက်ခဲ့ကြပါတယ်။
အဆိုပါ မိန်းကလေးငယ်ဟာ တောင်လေးကျေးရွာသားနဲ့မဟုတ်ဘဲ တစ်ခြားကျေးရွာသားတစ်ဦးနဲ့ ချစ်ကြိုက်ပြီး အတူသွားလာနေတာကို ရွာဓလေ့ထုံးတန်းအစဥ်အလာ ဖျက်ဆီးမှု ရွာစည်းကမ်းဖောက်မှုနဲ့ ရွာသားတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဥ်ဟာ စက်တင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်လေးကျေးရွာ ရွာလူကြီး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်ခေါင်းတွေအပါအဝင် ရွာသားတွေက အဆိုပါ မိန်းကလေးငယ်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသလို မိန်းကလေးငယ်ရဲ့ နေအိမ်ကိုလည်း လာရောက်ဖျက်ဆီးသွားခဲ့ကြတာ ဖြစ်ပါတယ်။
ရိုက်နှက်ခံရသူမှာ တောင်လေးကျေးရွာမှာ နေထိုင်တဲ့အသက် ၂၀ ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး သူမဟာ တောင်လေးကျေးရွာသားနဲ့ မေတ္တာမမျှဘဲ အခြားကျေးရွာသားတစ်ဦးနဲ့ မေတ္တာမျှပြှီး အတူသွားလာနေတာကြောင့် အခုလို ဝိုင်းဝန်းရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။
အစပိုင်းမှာတော့ အဆိုပါ မိန်းကလေးငယ်ကို ရွာစည်းကမ်းဖောက်မှုနဲ့ ငွေ ၆ သိန်းခွဲ တောင်းကာ ဒဏ်ရိူက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ကြေးငွေနဲ့ မကျေနပ်နိုင်တဲ့အတွက် သူမရဲ့ နေအိမ်ကို လာရောက်ဖျက်ဆီးကာ သူမကိုလည်း ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာ ဖြစ့်ပါတယ်
ရွာလူကြီးတွေနဲ့ ရွာသားတွေဟာ မိန်းကလေးငယ်ရဲ့ ရင်ဘက်ကို ဆောင့်ကန်တာတွေ၊ ဆံပင်တွေကို အတင်းဆွဲပြီး ပါးတွေ၊ နားတွေရိုက်တာတွေ ပြုလုပ်သွားခဲ့တာဖြစ်တယ်လို့ အဆိုပါမိန်းကလေးက သူမရဲ့ Tiktok အကောင့်မှာ ပြောဆိုထားပါတယ်။
ဦးခေါင်းပေါ်က ပြုတ်ထွက်နေတဲ့ ဆံပင်တစ်ဆုပ်စာ၊ ခြေထောက်နဲ့ ကန်ခံထားရတဲ့ အခြေအနေတွေနဲ့ ပျက်ဆီးနေတဲ့ သူမရဲ့နေအိမ်အခြေအနေတွေကိုလည်း ဓာတ်ပုံတွေနဲ့တကွ တင်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အဆိုပါ မိန်းကလေးငယ်ဟာ တောင်လေးကျေးရွာမှာ မနေရဲတော့ဘဲ တစ်ခြားလုံခြုံရာ နေရာတစ်ခုကို တိမ်းရှောင်ထွက်ပြေးနေရတယ်လည်း သိရပါတယ်။