(ပညာရေး) စက်တင်ဘာ ၁၆
၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိကို မြို့နယ်၊ ခရိုင်နှင့် တိုင်းပညာရေးမှူးများ၊ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များနှင့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့တို့က စစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ပုဂ္ဂလိကကျောင်းများကိုသာ ပုဂ္ဂလိကကျောင်းမှတ်ပုံတင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ပညာရေးဝန်ကြီးဌာန၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပုဂ္ဂလိကကျောင်းမှတ်ပုံတင်လျှောက်ထားလာသည့် ကျောင်းအသစ် ၃၆၈ ကျောင်း၊ သက်တမ်းတိုးလျှောက်ထားသည့် ကျောင်း ၅၉၈ ကျောင်းနှင့် ကျောင်းအဆင့်တိုး လျှောက်ထားသည့် ကျောင်း ၁၄၆ ကျောင်းတို့ကို စိစစ်ခဲ့ကြောင်း သိရသည်။
စိစစ်ရာတွင် ပုဂ္ဂလိကပညာရေးဥပဒေနှင့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျောင်းအသစ် ၃၆၀ ကျောင်း၊ သက်တမ်းတိုးကျောင်း ၅၉၈ ကျောင်းနှင့် ကျောင်းအဆင့်တိုးကျောင်း ၁၃၄ ကျောင်း၊ စုစုပေါင်း ၁,၀၉၂ ကျောင်းကို ယာယီဖွင့်လှစ်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။
ထို့အပြင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်ခွင့်ပြုခဲ့သည့် ပုဂ္ဂလိကကျောင်းများအနက် ကျောင်းအင်္ဂါရပ်၊ အဆောက်အအုံနှင့် အကျယ်အဝန်း သတ်မှတ်ချက်များအရ လိုအပ်ချက်ရှိသည့်ကျောင်းများ၊ သတ်မှတ်ဝင်ဆံ့အင်အားထက် ကျော်လွန်၍ ကျောင်းသားလက်ခံထားသည့်ကျောင်းများနှင့် စာသင်ခန်းအရေအတွက် မပြည့်မီသေးသည့် ပုဂ္ဂလိကကျောင်းများကိုလည်း လိုအပ်ချက်များ ပြင်ဆင်ဖြည့်ဆည်းနိုင်ရန် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ပြင်ဆင်ချိန် ယာယီတစ်နှစ် သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

Telegram – t.me/positiveanglenews
#PAN