တွန်းဇံမြို့တွင်း မီးလောင်ပျက်စီးခဲ့သည့် နေအိမ်နှင့် ဌာနဆိုင်ရာအဆောက်အအုံများ ပြန်လည်တည်ဆောက်နေ

(ပြည်တွင်း) စက်တင်ဘာ ၁၀

ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တွန်းဇံမြို့တွင်း မီးလောင်ပျက်စီးခဲ့သည့် ပုဂ္ဂလိကနေအိမ်များနှင့် ဌာနဆိုင်ရာရုံးအဆောက်အအုံများကို ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို စက်တင်ဘာ ၉ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြသည်။

၎င်းတို့သည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မီးလောင်ပျက်စီးခဲ့သည့် ပုဂ္ဂလိကနေအိမ်များ၏ မြေနေရာအခြေအနေများနှင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အအုံများ၏ အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံ၍ အခက်အခဲများ ပေါင်းစပ်ညှိနှိုင်းထို့ပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောက်လုပ်ရန် တင်ဒါအောင်မြင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် ဒုတိယဝန်ကြီးက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ တင်ပြသည့် အခက်အခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်လည်ပြုပြင်ဆောက်လုပ်နေသည့် လမ်းဦးစီးဌာန ဧည့်ရိပ်သာနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့သို့ သွားရောက်၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၏ အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဗျဲလ်ကျင်းတံတား ကြံ့ခိုင်မှုနှင့် ခံနိုင်ဝန်အပေါ် ကြပ်မတ်ရန်မှာကြားယင်းနောက် အကြမ်းဖက်သမားများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် တီးတိန်-တွန်းဇံသွားလမ်းပေါ်ရှိ ဗျဲလ်ကျင်းတံတားကို ပြန်လည်ပြုပြင်တည်ဆောက်ထားမှု အခြေအနေကိုလည်း သွားရောက်စစ်ဆေးခဲ့ကြသည်။

ဒုတိယဝန်ကြီးက တံတား၏ ကြံ့ခိုင်မှုနှင့် ခံနိုင်ဝန်အားအတွက် ဖြတ်သန်းသွားလာသည့် ယာဉ်များနှင့် သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းများ၏ အလေးချိန်ကို သတ်မှတ်ချက်ထက် မကျော်လွန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ပြန်လည်ထူထောင်နိုင်ရေးနှင့် အဆောက်အအုံများ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN