အဝါရောင် သင်္ကေတမှာ မဲပေးဖို့ လက်ညှိုးထိုးပြတဲ့မဲမသမာမှုကြောင့် ပြည်သူ့ပါတီ ကိုယ်စားလှယ် ၂ ဦး အမတ်နေရာစွန့်လွှတ်ခဲ့ရ

(ပြည်တွင်း) စက်တင်ဘာ ၈

မဲလာပေးတဲ့ မဲဆန္ဒရှင်တွေကို ပြည်သူ့ပါတီရဲ့ အဝါရောင်သင်္ကေတကို မဲပေးဖို့ လက်ညှိုးထိုးပြ ညွှန်ကြားခဲ့တာကြောင့် နစ်နာသူ ကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာတင်သွင်းထားရာကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲခုံအဖွဲ့နဲ့ အယူခံမှု လုပ်ငန်းစဉ်တွေကို စိစစ်ကြားနာမှုတွေပြုလုပ်ပြီးနောက် ပြည်သူ့ပါတီက အမတ် ၂ ဦးကို ကိုယ်စားလှယ်အဖြစ်ကနေ UEC ပယ်ဖျက်လိုက်ပါတယ်။

ရွေးကောက်ပွဲအပိုင်း (၁) ဖြစ်တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ပလောင်းကျေးရွာအုပ်စု၊ ပလောင်းမဲရုံမှာမဲလာပေးတဲ့ မဲဆန္ဒရှင် ၂ ဦးကို မဲရုံအမည်စစ်ဆေးသူ ဒေါ်သီသီခိုင် က မဲဆန္ဒရှင်များအား ပြည်သူ့ပါတီ၏ အဝါရောင် သင်္ကေတသို့ မဲပေးရန် လက်ညှိုးထိုးပြ ညွှန်ကြားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပလောင်းမဲရုံကိုတာဝန်ယူထားတဲ့ မဲရုံကိုယ်စားလှယ် ဦးအောင်ဆန်းလွင်က သက်ဆိုင်ရာကိုစားလှယ်နဲ့ ပါတီကိုဆက်သွယ်သတင်းပို့ တိုင်ကြားခဲ့တာကြောင့် မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီက တင်သွင်းတဲ့ကန့်ကွက်လွှာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၉၊ ပုဒ်မ ၇၅ တွေနဲ့အညီ ရွေးကောက်ပွဲခုံအဖွဲ့ဖွဲ့စည်းကာ အယူခံမှုလုပ်ငန်းစဉ်တွေနဲ့အညီ စိစစ်ကြားနာမှုတွေ ပြုလုပ်ခဲ့ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲခုံအဖွဲ့က အယူခံမှုလုပ်ငန်းစဉ်တွေနဲ့အညီ စိစစ်ကြားနာမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်မှန်ကန်တာကြောင့် ရွေးကောက်တင်မြှောက်ခံထားရတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်သူ့ပါတီက ဦးခိုင်ဦး ကို ရွေးကောက်တင်မြှောက်ခံထားရာကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က တရားဝင် အမိန့်ကြော်ငြာစာထုတ်ပြန်ကာ ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

ပြည်သူ့ပါတီအမတ်ကို ရွေးကောက်တင်မြှောက်ခံထားရာကနေပယ်ဖျက်တာကြောင့် ကန့်ကွက်လွှာတင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဝင်းကြူဟာ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၅(က)အရ မဲဆန္ဒနယ်အမှတ် (၁) ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပါတယ်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ် ) မဲဆန္ဒနယ်အမှတ် ( ၁ ) ရဲ့ ရွေးကောက်တင်မြှောက်ခံရသူ အမည်စာရင်း ပြောင်းလဲသတ်မှတ်တာကြောင့် တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၁-က နဲ့အညီ မြိတ်မြို့နယ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးခိုင်ဦး ရရှိတဲ့ ဆန္ဒမဲရလဒ်တွေကိုနုတ်ပယ်ပြီး ကျန်ရှိတဲ့ခိုင်လုံမဲတွေကို သတ်မှတ်ထားတဲ့အတိုင်းပြန်လည်တွက်ချက်ခဲ့ရတယ်လို့ UEC ကပြောပါတယ်။


အခုလို ပြန်လည်တွက်ချက်ရာမှာ လောင်းလုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဖြစ်သူ ပြည်သူ့ပါတီက ဦးတင်စိုး ကလည်း လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ပဲ သူ့အစား သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၈ (ဃ) အရ နိုင်ငံရေးပါတီတွေက ဦးစားပေး အစီအစဉ်အတိုင်း တင်ပြထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) ရဲ့နေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဒေါ်မြမြစိမ်း က ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။