(နိုင်ငံတကာ) စက်တင်ဘာ ၅
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲရမတ်မြို့နယ် မဲတွန်ဒေသရှိ လီယိုတို ရိန်းဂျားစစ်ဆေးရေးဂိတ်တွင် တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ၂ ဦးနှင့် ၎င်းတို့ကို ပို့ဆောင်ပေးသည့် မှောင်ခိုသမား ၂ ဦးတို့ကို စက်တင်ဘာ ၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီတွင် ၃၅ ရိန်းဂျား အထူးတပ်ဖွဲ့၏ လီယိုတိုစစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူများက မဲရမတ်မြို့ မဲတွန်၊ မူး ၁၃ ရှိ စစ်ဆေးရေးဂိတ်၌ အဆိုပါ ၄ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့် မှောင်ခိုသမားတစ်ဦး၏ ပြောကြားချက်အရ အမည်မသိသူတစ်ဦးက တရုတ်နိုင်ငံသား ၂ ဦးကို လီယိုတိုရွာနောက်ဘက်ရှိ ပြောင်းခင်းတစ်ခုအထိ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး တစ်ဦးလျှင် ထိုင်းဘတ် ၁,၀၀၀ ပေးမည်ဟု ပြောကြားထားကြောင်း သိရသည်။

အခြားမှောင်ခိုသမားတစ်ဦးမှာလည်း တရုတ်နိုင်ငံသား ၂ ဦး၏ ခရီးဆောင်အိတ်များကို အလားတူနေရာသို့ သယ်ဆောင်ပေးရန် အမည်မသိသူတစ်ဦးက ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်မှုပြီးစီးပါက ငွေပေးချေမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် မှောင်ခိုသမား ၂ ဦး၏ ဆီးစစ်ဆေးမှုများအရ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဖမ်းဆီးရမိသူများအနက် အသက် ၂၇ နှစ်နှင့် ၃၈ နှစ်အရွယ် ထိုင်းနိုင်ငံသား အမျိုးသား ၂ ဦး ပါဝင်ပြီး ၎င်းတို့မှာ မဲရမတ်မြို့ မဲတွန်ဒေသတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
ထို့အပြင် အသက် ၂၂ နှစ်အရွယ် တရုတ်နိုင်ငံသူတစ်ဦးမှာ အလုပ်လုပ်ခွင့်သက်တမ်းကုန်ဆုံးနေသည့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူဖြစ်ပြီး အသက် ၄၀ အရွယ် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးမှာ စာရွက်စာတမ်း သို့မဟုတ် အထောက်အထားတစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးမှုအတွင်း Honda Wave 110i အမျိုးအစား ဆိုင်ကယ်များအပါအဝင် ဆိုင်ကယ် ၃ စီးနှင့် အမ်ဖီတမင်း (မက်သမ်ဖက်တမင်း) ဆေးပြား ၁၀ ပြား၊ ဟီးရိုးအင်း ၀.၈၂ ဂရမ်တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ ၄ ဦးနှင့် သိမ်းဆည်းရမိပစ္စည်းများကို တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် မဲရမတ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
#PAN