တောင်ကြီးတွင် မီးပလပ်ခုံမှတစ်ဆင့် ဝါယာရှော့ခ်ဖြစ်ကာ နေအိမ် မီးလောင်

(မှု့ခင်း)စက်တင်ဘာ ၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေအမှတ်(၃)တွင် လူနေအိမ်မီးလောင်မှုဖြစ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာ၄ရက် ည၁၀နာရီ၂၅မိနစ်အချိန်က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေအမှတ်(၃)တွင် လူနေအိမ်တစ်လုံးတွင် မီးပလပ်ခုံမှတစ်ဆင့် ဝါယာရှော့ခ်ဖြစ်ကာ နေအိမ် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့် နေရာသို့ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည၁၁နာရီခွဲအချိန်တွင် မီးငြိမ်းနိုင်ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ်/အောက်ထပ်အပါအဝင် လူ့အသုံးအဆောင်ပစ္စည်းများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း မီးပေါ့ဆစွာ အသုံးပြုသူအား တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။