မြစ်သာမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်တို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ

(မိုး/ဇလ) စက်တင်ဘာ ၃

ကလေးမြို့၊ ဘားအံမြို့၊ မဒေါက်မြို့နှင့် ပဲခူးမြို့တို့တွင် သက်ဆိုင်ရာ မြစ်ရေများသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၁ ရက်အတွင်း မြစ်ရေမြင့်တက်ခြင်းနှင့် ကျဆင်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာသို့ ရှောင်ရှားကြရန် ယနေ့ စက်တင်ဘာလ ၃ ရက် နံနက် ၈ နာရီအချိန်တွင် သတိပေး ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေ ၁ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေ ၆ လက်မခန့် ဆက်လက်မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

အလားတူ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၃ ပေ ၃ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၆ လက်မခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်၌ပင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

ထို့အပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၆ လက်မခန့် ကျဆင်းလာနိုင်သကဲ့သို့ ပဲခူးမြစ်ရေသည်လည်း ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေ ၅ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၆ လက်မခန့် ပြန်လည်ကျဆင်းလာနိုင်သော်လည်း နှစ်မြို့လုံး၌ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ ကလေးမြို့နယ်၊ ဘားအံမြို့နယ်၊ ပဲခူးမြို့နယ်နှင့် မဒေါက်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ကြပါရန် သက်ဆိုင်ရာမှ နှိုးဆော်သတိပေးထားကြောင်း သိရှိရသည်။