
(ပြည်တွင်း) ဩဂုတ် ၂၈
၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာ အဖျက်သမားတွေရဲ့ မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်ကြောင့် တိုင်းပြည်ပြိုကွဲမယ့်အခြေအနေမှာ တပ်မတော်က အချိန်မီတာဝန်ယူခဲ့ရကြောင်း တပ်ချုပ်သစ်က ပြောဆိုလိုက်ပါတယ်။
စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်တွေက တက္ကသိုလ်နည်းပြတွေ၊ ဗိုလ်လောင်းတွေ၊ ဘွဲ့လွန်သင်တန်းသားတွေနဲ့ တပ်နယ်က အရာရှိတွေ၊ စစ်သည်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အခုလို ပြောဆိုခဲ့တာပါ။
တပ်မတော်ရဲ့ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ် မြေပေါ်မြေအောက် အဖျက်သမားတွေရဲ့ တိုင်းပြည်ဆူပူအုံကြွစေမှုနဲ့ မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေကြောင့် ဆိုးရွားစွာနဲ့ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေမှာ တပ်မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို အပြည့်အဝ အချိန်မီတာဝန်ယူခဲ့ရတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အခုလို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် တပ်မတော်အနေနဲ့ စွမ်းရည်ထက်မြက်တဲ့ တပ်မတော်ဖြစ်နေဖို့ အရေးကြီးကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်ကိုကာကွယ်နိုင်ဖို့အတွက် ၂၀၁၁ ခုနှစ်မှာ လေ့ကျင့်ရေးမူဝါဒအဖြစ် ချမှတ်ခဲ့တဲ့ ကျန်းမာကြံ့ခိုင်ရမယ်၊ ကျွမ်းကျင်ရမယ်၊ ရဲစွမ်းသတ္တိရှိရမယ် စတဲ့ အချက် ၃ ချက်ကို ခေါင်းဆောင်တွေ မွေးထုတ်ပေးနေတဲ့ တက္ကသိုလ်တွေနဲ့ လေ့ကျင့်ရေးကျောင်းတွေအနေနဲ့ စနစ်တကျ လေ့ကျင့်ပေးနေဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့ မနေ့က နေ့လယ်ပိုင်းက စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်တဲ့ အဆိုပါတွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော်အရာရှိကြီးတွေနဲ့ ဇနီးတွေ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကျောင်းအုပ်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
စစ်တက္ကသိုလ်ဟာ လေ့ကျင့်ရေးနဲ့ပတ်သက်ပြီး လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ အရာရှိတွေ မွေးထုတ်ပေးဖို့ဖြစ်ပြီး အရာရှိကောင်းတွေဖြစ်စေဖို့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပြင် ခေါင်းဆောင်မှုစွမ်းရည်ပါ ပြည့်ဝဖို့လိုအပ်တယ်လို့လည်း တပ်ချုပ်က ဆိုပါတယ်။
အလားတူ စစ်ခေါင်းဆောင်တွေဟာ စဉ်းစားဆင်ခြင်တုံတရားနဲ့ သတ္တိရှိရှိ၊ တည်တည်ငြိမ်ငြိမ်နဲံ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ စစ်ခေါင်းဆောင်တွေ ဖြစ်ဖို့လိုအပ်ပြီး လေ့ကျင့်ရေး အပိုင်းနဲ့ပတ်သတ်လို့ ပေါ့ပေါ့တန်တန် မလုပ်ဖို့ လိုအပ်ကြောင်း၊ လက်ရုံးရည်၊ နှလုံးရည်နဲ့ စဉ်းစားဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ် ကြံစည်နိုင်သူတွေလည်း ဖြစ်ဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။
တပ်မတော်သားတွေအနေနဲ့ တပ်မတော်ရဲ့ ဘယ်လိုတပ်ဖွဲ့မျိုးမှာ တာဝန်ထမ်းဆောင်သည်ဖြစ်ပါစေ ခြေလျင်တပ်ကဲ့သို့ပင် တိုက်ပွဲဝင်နိုင်အောင် အသင့်ဖြစ်နေဖို့ လိုအပ်တဲ့အပြင် ခံ၊ ခွာ၊ ချီ၊ တိုက် ဥပဒေသတွေ၊ စစ်အခြေခံသဘောတရားတွေမှာ အခြေခံကာ စစ်အတတ်ပညာတွေ ပြောင်းလဲနေတာဖြစ်ပြီး စစ်မြေပြင်စည်းမျဉ်း စည်းကမ်းတွေကိုလည်း လိုက်နာကြရမှာဖြစ်တယ်လို့ တပ်ချုပ်က မှာကြားပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးပိုင်းမှာ ညီညွတ်မျှတစွာနဲ့ ကျောသား၊ ရင်သားမခွဲခြားဘဲ မျှမျှတတ ကွပ်ကဲအုပ်ချုပ်သွားကြဖို့လိုအပ်ပြီး ကွက်ကျားမိုးရွာလို့ မရကြောင်း၊ တတ်နိုင်သမျှ လူမှန်နေရာမှန် တာဝန်ပေးနိုင်ဖို့လိုအပ်ပြီး အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်တွေကို အချိန်နဲ့တပြေးညီ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း သတိပေးမှာကြားပါတယ်။
ခေါင်းဆောင်မှုဆိုင်ရာအနေနဲ့ ခေါင်းဆောင်မှုပညာရပ်မှာ အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့နဲ့ ပြည့်စုံတဲ့ နောက်လိုက်ကောင်းဖြစ်ခဲ့မှသာလျှင် ခေါင်းဆောင်အဖြစ်ကို ရောက်ရှိချိန်မှာလည်း ပြည့်စုံကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ ကွပ်ကဲမှုအောက်မှာရှိကြတဲ့ အရာရှိ၊ စစ်သည်တွေကို ညီညွတ်မျှတမှုရှိတဲ့ ခေါင်းဆောင်မှုပေးအပ်တတ်ဖို့ လိုအပ်ပြီး မိမိကိုယ်တိုင်အနေနဲ့လည်း အမိန့်နဲ့ညွှန်ကြားချက်တွေ၊ စည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ကြောင်း၊ ခေါင်းဆောင်တဲ့သူတွေက အတ္တစိတ်နဲ့ တာဝန်ထမ်းဆောင်ပါက လက်အောက်ငယ်သားတွေရဲ့ ယုံကြည်မှုကို ရရှိနိုင်မှာမဟုတ်ဘူးလို့လည်း ပြောဆိုမှာကြားခဲ့တာ ဖြစ်ပါတယ်။