သမ္မတရုံးက ဗိုလ်ချုပ်လို့ဆိုကာ ဝန်ထမ်းတစ်ဦးကို လာရောက်လိမ်လည်ခဲ့သူကို ဖမ်းဆီးအမှုဖွင့်ထား

(ပြည်တွင်း) ဩဂုတ် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့က ဝန်ထမ်းတစ်ဦးကို မိမိကိုမိမိ သမ္မတရုံးက ဗိုလ်ချုပ်တစ်ဦးလို့ ပြောဆိုကာ လာရောက်လိမ်လည်ခဲ့တယ်လို့ သိရပါတယ်။

အောင်ပန်းမြို့၊ လျှပ်စစ်ရုံးတာဝန်ခံ ဦးကျော်ကျော်ဆီကို ဩဂုတ်လ ၂၅ ရက်နေ့က ဖုန်းနံပါတ်အသစ်တစ်ခုနဲ့ အမျိုးသားတစ်ဦးက ဖုန်းဆက်သွယ် ပြောဆိုခဲ့ရာကနေ လိမ်လည်မှုပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအမျိုးသားက ဦးကျော်ကျော်ဆီကို ဖုန်းဆက်သွယ်ပြီး လျှပ်စစ်ဓာတ်အားခကောက်ခံမှုနဲ့ ပတ်သက်ပြီး တိုင်ကြားစားတွေ လက်ခံရရှိထားတာကြောင့် အဆိုပါကိစ္စကို လာရောက်စစ်ဆေးစရာရှိကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဩဂုတ်လ ၂၇ ရက်နေ့ မနေ့က အဆိုပါအမျိုးသားဟာ အခြားအမျိုးသားတစ်ဦးနဲ့အတူ အောင်ပန်းမြို့က ဦးကျော်ကျော်ဆီကို ရောက်ရှိလာပြီး မိမိမှာ ရွာငံမြို့မှာ နေထိုင်တဲ့ ဗိုလ်ချုပ် ဆန်းဦး ဖြစ်ကြောင်း၊ DSA အပတ်စဉ် (၃၇) က ဗိုလ်ချုပ် ကျော်စွာလင်းနဲ့ တစ်ပတ်စဉ်တည်းဖြစ်ကြောင်း ပြောဆိုမိတ်ဆက်လာခဲ့တာ ဖြစ်ပါတယ်။

မြို့နယ်လျှပ်စစ်ရုံးတာဝန်ခံ ဦးကျော်ကျော်ကလည်း ၎င်းတို့ရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ ၎င်းတို့ပြောဆိုတဲ့ စကားတွေမှာ ကိုက်ညီမှုမရှိတာကို တွေ့ရတဲ့အတွက် လိမ်လည်ပြောဆိုနေမှန်း ခန့်မှန်းသိရှိသွားပြီးနောက် အောင်ပန်းနယ်မြေရဲစခန်းကို ဆက်သွယ်အကြောင်းကြား အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်ကျော်ရဲ့ တိုင်ကြားမှုကြောင်း အောင်ပန်းနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးကို စစ်ဆေးမေးမြန်းရာ ဗိုလ်ချုပ်ဆန်းဦးဆိုသူမှာ ကွီးမာန်ဆိုသူဖြစ်ပြီး ၎င်းနဲ့အတူ လိုက်ပါလာသူမှာ သီဟ ဆိုသူတို့ ဖြစ်ကြောင်း မေးမြန်းသိရှိခဲ့ရတယ်လို့ သိရတာ ဖြစ်ပါတယ်။

ဒါကြောင့် သမ္မတရုံးက ဦးဆန်းဦးအပြင် DSA အမတ်စဉ် ၃၇ ဆင်း ဗိုလ်ချုပ် ဆန်းဦးလို လိမ်လည်ပြောဆိုခဲ့သူ ကွီးမာန်နဲ့ ၎င်းနဲ့အတူလိုက်ပါလာတဲ့ သီဟတို့နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အောင်ပန်းနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၁၇၀/၃၈၄/၁၁၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရတာ ဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးကို ရှာဖွေမှုတွေ ပြုလုပ်ချိန်စဉ်က ကွီးမာန်ဆိုသူရဲ့ အိတ်ထဲက သတင်းထောက်ကတ်တွေကို တွေ့ရှိခဲ့ရပေမယ့် ၎င်းမှာ သတင်းထောက် အစစ်အမှန် ဟုတ်/မဟုတ်ကို သီးခြားအတည်ပြုထားတာမျိုး မတွေ့ရသေးပါဘူး။