ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ၄၂၉,၁၉၂ ဦးအတွက် CI ထုတ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့

(ပြည်တွင်း) ဩဂုတ် ၂၂

ထိုင်းနိုင်ငံရှိ အထောက်အထားမပြည့်စုံသည့် မြန်မာနိုင်ငံသား အလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) အသစ်များ ထုတ်ပေးနိုင်ရေးအတွက် စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင်တို့တွင် CI စခန်းလေးခုနှင့် ကရာဘီမြို့တွင် Mobile Unit တစ်ခုတို့ကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ အလုပ်သမား ၄၂၉,၁၉၂ ဦး အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ CI ထုတ်ပေးရေးလုပ်ငန်းများကို ဖေဖော်ဝါရီ ၁၇ ရက်မှ ဩဂုတ် ၁၆ ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစဉ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးတို့ တွေ့ဆုံပွဲမှ အဆိုပါအချက်အလက်များကို သိရခြင်းဖြစ်သည်။

တွေ့ဆုံပွဲကို ဩဂုတ် ၂၂ ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) ၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက CI ထုတ်ပေးရေးလုပ်ငန်းများ လွှဲပြောင်းလက်ခံခြင်းနှင့် စာရင်းဇယားများ ရှင်းလင်းခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့အပြင် ဌာနအလိုက် တာဝန်ခံများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ဆောင်ရွက်ချက်များနှင့် ကဏ္ဍအလိုက် အကြံပြုချက်များကို ပြည့်စုံစွာ တင်ပြကြရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) ၌ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်းများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးနှင့် အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များ ရရှိခံစားနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများကို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။