
(ပြည်တွင်း) ဩဂုတ် ၂၀
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံး အဆောက်အအုံများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ဖလမ်းမြို့အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း ပြုပြင်ဆောင်ရွက်နေမှု၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဖလမ်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ပြုပြင်နေမှု၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ကလည်း ဖလမ်းမြို့ အိုးအိမ်ဝန်ထမ်းအိမ်ရာ သုံးထပ်အဆောက်အအုံ ပြန်လည်ပြုပြင်မှု၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနရုံးနှင့် မြို့နယ်စီမံကိန်းဦးစီးဌာနရုံး မျက်နှာကြက်ပြုပြင်မှု၊ ပြတင်းတံခါးများ တပ်ဆင်ပြီးစီးမှုနှင့် နံရံများအား အချောသပ်ဆေးသုတ်လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့ကို တပ်မတော်က အလုံးစုံထိန်းချုပ်ပြီးသည့် ၂၀၂၆ ခုနှစ် မေ ၆ ရက်မှစတင်ကာ ဒေသခံပြည်သူများသည် ဖလမ်းမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၏ အနီးကပ်ကြီးကြပ်ဆောင်ရွက်မှုများကြောင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ပုံမှန်အတိုင်းလည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
အလားတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တီးတိန်မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးဝန်ထမ်းအိမ်ရာ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသားအိပ်ဆောင် ပျက်စီးမှုအပေါ် ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မြို့နယ်သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စားရိပ်သာနှင့် စားဖိုဆောင် ပြန်လည်ပြင်ဆင်နေမှုနှင့်တီးတိန်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်များ ပျက်စီးနေမှုများအပေါ် ပြုပြင်ဆောင်ရွက်ပေးနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့အတူတွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူးသည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံး ပြုပြင်မှု၊ Cyclone Shelter ပြုပြင်မှုနှင့် ဆေးရုံပြုပြင်မှုလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။