တောင်ကြီးမြို့နယ်နှင့် အောင်ပန်းမြို့တို့တွင် စလော့ဂိမ်း ဆော့ကစားသည့် အမျိုးသား ၂ဦး ဖမ်းဆီးခံရ

(မှုခင်း) သြဂုတ် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်နှင့် အောင်ပန်းမြို့တို့တွင် စလော့ဂိမ်း ဆော့ကစားသည့် အမျိုးသား ၂ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ဩဂုတ်လ ၁၉ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စု၊ တောင်လေးလုံးကျေးရွာ ၊ ပြည်ထောင်စုလမ်းမကြီး ၊ ရွှေညောင် – ဟဲဟိုး သွား ကားလမ်းဘေးတွင် စိုးမင်းမြတ် (ခ) ဖိုးထောင် ကံကောင်းကျေးရွာ၊ညောင်ရွှေမြို့နယ်နေသူသည် လက်ကိုင်ဖုန်းဖြင့် စလော့လောင်းကစားဂိမ်း ဆော့ကစားနေသည်ကို တွေ့ရှိ၍ စစ်ဆေးရာ သက်သေခံ အထောက်အထားများ တွေ့ရှိခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အလားတူ ဩဂုတ်လ ၁၈ ရက်၊ ညနေပိုင်းက ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာ၊ ရွာလယ်လမ်းမပေါ်၌ စည်သူအောင်အား စစ်ဆေးစဉ် ၎င်း၏ လက်ကိုင်ဖုန်းအတွင်းမှ စလော့ ဂိမ်းလောင်းကစား ဆော့ဝဲဖြင့် လောင်းကစား ပြုလုပ်ထားသည်ကို တွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ စလော့ဂိမ်း လောင်းကစားပြုလုပ်သူ စိုးမင်းမြတ် (ခ) ဖိုးထောင်နှင့် စည်သူအောင်တို့အား သက်ဆိုင်ရာနယ်မြေရဲစခန်း၌ လောင်းကစား ဥပဒေပုဒ်မ-၁၅(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။