အမြန်လမ်းတွင် ယာဥ်မောင်းများအိပ်ငိုက်မှုကြောင့် ယာဥ်တိမ်းမှောက်မှု နှစ်ကြိမ် ဖြစ်ပွား

(မှုခင်း) သြဂုတ် ၆

ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးပေါ်တွင် ယာဥ်မောင်းများ အိပ်ငိုက်မှုကြောင့် ယာဥ်တိမ်းမှောက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၅နာရီခွဲအချိန်ခန့်ကရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၁၂၄/၄ နှင့် ၁၂၄/၃ကြား(နေပြည်တော်မှရန်ကုန်သို့အပြန်လမ်း)တွင် 2B-9354 NISSAN CONDOR အမျိုးအစား ကုန်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ တံတားလက်ရန်းအားတိုက်မိတိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွါးခဲ့ရာ ယာဉ်ပေါ်ပါသူများ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက်၆နာရီကျော်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၇၃/၃ နှင့် ၁၇၃/၄ကြား (နေပြည်တော်မှရန်ကုန်သို့အပြန်လမ်း)တွင် 7P-4302 MITSUBISHI CANTER အမျိုးအစား ကုန်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းဘေးသို့ထိုးကျခဲ့သောယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွါးခဲ့ရာ ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။

အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏ အများစုသည်ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့်ဖြစ်ပါ၍ ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြပါရန်နှင့် ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အထူးသတိ​ပေးထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN