(မိုး/ဇလ) ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်အကြား စီးဆင်းနေသည့် မူးမြစ်နှင့် စည်တုံလုံးချောင်းတို့တွင် ရေမြင့်တက်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၄၀ ကျော် ရေကြီးနစ်မြုပ်လျက်ရှိပြီး မူးမြစ်ကူးတံတား ၂ စင်းမှာလည်း ရေစီးနှင့်အတူ မျောပါပျက်စီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဩဂုတ်လ ၅ ရက်နေ့မှစတင်ကာ ဒေသအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ခြင်းနှင့် သဖန်းဆိပ်ဆည်မှ ရေကျော်ကျလာခြင်းတို့ကြောင့် မူးမြစ်နှင့် စည်တုံလုံးချောင်းတို့၏ ရေမျက်နှာပြင် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး မြစ်ကမ်းဘေးရှိ ကျေးရွာများအတွင်းသို့ ရေများ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် လယ်စောင့်တဲများအတွင်း ရေအနက် ၃ ပေမှ ၄ ပေခန့်အထိ မြင့်တက်လာသဖြင့် ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းများသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ထို့ပြင် အချို့ကျေးရွာများရှိ နေအိမ်များ၏ အောက်ထပ်များအထိ ရေဝင်ရောက်လာသဖြင့် ဒေသခံများမှာလည်း ယာယီဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဩဂုတ်လ ၆ ရက် နံနက်ပိုင်းတွင် တန့်ဆည်မြို့နယ် ပေါင်ကတောင်ကျေးရွာရှိ မူးမြစ်ကူးတံတားနှင့် တန့်ဆည်မြို့နယ် မူးခွကျေးရွာ၊ ကန့်ဘလူမြို့နယ် ကံရိုးကျေးရွာတို့ကို ဆက်သွယ်ထားသည့် မူးမြစ်ကူးတံတားတို့မှာ ရေစီးသန်မှုကြောင့် မျောပါပျက်စီးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တန့်ဆည်မြို့နယ် ကပျု၊ သာခေါင်ကြီး၊ ဝက်သိုးကျေးရွာများမှ စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀ ကျော်ကို ကုန်းမြင့်ပိုင်းများသို့ အရေးပေါ် ရွှေ့ပြောင်းထားပြီး ကျန်ကျေးရွာများတွင်လည်း နေအိမ်များအတွင်း ရေဝင်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း အိမ်ခြေများ လုံးဝနစ်မြုပ်သည့် အခြေအနေသို့ မရောက်ရှိသေးကြောင်း သိရသည်။
ယခုရေဘေးဒဏ်မှာ တန့်ဆည်မြို့နယ်ရှိ ကပျု၊ သာခေါင်ကြီး၊ ဝက်သိုး၊ အောင်သုခ၊ ဉာဏ်သာ၊ ရသစ်၊ ငတန်း၊ သာစည်ကုန်း၊ ရွှေလှံ၊ မူးခွကျေးရွာများနှင့် ကန့်ဘလူမြို့နယ်ရှိ ကံရိုး၊ မိုးကောင်း၊ မူးကျင်းစုကျေးရွာများအပါအဝင် မူးမြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာပေါင်း ၄၀ ကျော်တွင် ကြုံတွေ့နေရပြီး မိုးဆက်လက်ရွာသွန်းနေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အခြေအနေကို ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN