လူတိုင်းအကျုံးဝင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် UHC စနစ်အထိ ရောက်ရှိရေးနှင့် ကျန်းမာရေးဥပဒေများ ပြန်လည်သုံးသပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

(လွှတ်တော်) ဇူလိုင် ၂၇

ကျန်းမာရေးနှင့်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ဥပဒေများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်နိုင်ရေး လေ့လာသုံးသပ်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီဝင်များအား တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-13) ရှိ ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီဝင်များအား သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းက ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကော်မတီဝင်များကလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက ကိုယ်စားလှယ်များအနေဖြင့် အစိုးရ၏ ဆောင်ရွက်ချက်များကို ပိုမိုသိရှိနားလည်နိုင်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ကျန်းမာရေးနှင့်အားကစားကဏ္ဍ မြှင့်တင်နိုင်ရေးနှင့် အမျိုးသားရေးစိတ်ဓာတ်များ တိုးတက်လာစေရေးအတွက် ပြန်ကြားရေး၊ မီဒီယာနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ကျန်းမာရေးနှင့်အားကစားဆိုင်ရာကော်မတီအနေဖြင့် နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို သုံးသပ်၍ ကျန်းမာရေးနှင့်အားကစားကဏ္ဍ မြင့်မားတိုးတက်ရေးအတွက် အဖြေရှာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေများကို လေ့လာကြည့်ပါက ကဏ္ဍအလိုက် ဥပဒေများရှိသော်လည်း အားလုံးကို ပြည့်စုံစွာ လွှမ်းခြုံနိုင်မည့် ပြဋ္ဌာန်းချက်များ လိုအပ်နေသေးကြောင်း၊ ထို့ကြောင့် ကော်မတီအနေဖြင့် လိုအပ်သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် အသစ်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်နိုင်ရေး အသေးစိတ်လေ့လာသုံးသပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ရရှိထားသည့် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ ပညာရှင်များကို နိုင်ငံအတွက် လူသားအရင်းအမြစ်အဖြစ် ထိရောက်စွာ အသုံးချနိုင်ရေးအတွက် National Accreditation System ကဲ့သို့သော ပညာရေးအသိအမှတ်ပြုခြင်းဆိုင်ရာ ပေါင်းကူးစနစ်များကို လေ့လာသုံးသပ်ရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်အနေဖြင့် မဟာဗျူဟာဖွံ့ဖြိုးတိုးတက်ရေး (၅) နှစ် စီမံကိန်းမူကြမ်း ရေးဆွဲပြီးဖြစ်သဖြင့် ကော်မတီများ၏ လုပ်ဆောင်ချက်များကိုလည်း အဆိုပါစီမံကိန်းနှင့် ချိန်ညှိသုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆက်စပ်ဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကာ ကျန်းမာရေးနှင့်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ပြန့်စွာ စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ကျန်းမာရေးစင်တာများ၊ ပုဂ္ဂလိကဆေးရုံများ၊ ဆေးပေးခန်းများနှင့် ခရိုင်၊ မြို့နယ်အဆင့် အားကစားဌာနများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကွင်းဆင်းလေ့လာကာ လိုအပ်ချက်များကို တင်ပြနိုင်ရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ကျန်းမာရေးကဏ္ဍတွင် လူတိုင်းအကျုံးဝင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဖြစ်သည့် Universal Health Coverage (UHC) အဆင့်သို့ ရောက်ရှိနိုင်ရေး နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအဆင့်အနေဖြင့် Primary Health Care First စနစ်ကဲ့သို့ အခြေခံကျန်းမာရေးဝန်ဆောင်မှုများ လူတိုင်းရရှိနိုင်ရေး လေ့လာဖော်ထုတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အလှမ်းဝေးဒေသများတွင် Mobile Clinic၊ Telemedicine နှင့် Teleconsultation စနစ်များ အသုံးချနိုင်ရေး ဆွေးနွေးရန်လိုအပ်ကြောင်း၊ ဆေးဝါးအတုများ၊ အရည်အသွေးမပြည့်မီသည့် ဆေးဝါးနှင့် အစားအသောက်များကို ကာကွယ်ထိန်းချုပ်နိုင်ရေး နည်းလမ်းများ ဖော်ထုတ်ပြီး FDA ဥပဒေအား ခိုင်မာအားကောင်းစေရေး လေ့လာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

တိုင်းရင်းဆေးဝါးများနှင့် ပတ်သက်၍လည်း တိုင်းရင်းဆေးဝါးဥပဒေများကို ပြန်လည်သုံးသပ်ကာ အရည်အသွေးမြင့် တိုင်းရင်းဆေးဝါးများ ထွက်ပေါ်လာရေး ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေး စံချိန်စံညွှန်းများကို လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများမှတစ်ဆင့် နိုင်ငံအတွက် အားထားရသည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Telegram- t.me/positiveanglenews

#PAN