လှိုင်မြို့နယ်တွင် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်အား သတ်ဖြတ်မုဒိမ်းမှုကျူးလွန်သူကို သေဒဏ်ချမှတ်

(မှုခင်း) ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အိမ်ရာတစ်ခုအတွင်း အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် တရားခံ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်အား မရမ်းကုန်းခရိုင်တရားရုံးက သေဒဏ်အပါအဝင် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက် နံနက် ၁ နာရီ မိနစ် ၄၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အိမ်ရာတစ်ခုအတွင်း အိပ်ခန်း၌ အိပ်ပျော်နေသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်အား တရားခံ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်က အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ တရားခံ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင် (၃၈) နှစ်၊ (ဘ) ဦးသိန်းထွန်း၊ မှတ်ပုံတင်မရှိ၊ ဗမာ/ဗုဒ္ဓ၊ ကျပန်းလုပ်ကိုင်သူ၊ တွံတေးမြို့နယ် သရက်နှစ်ပင်ကျေးရွာနေသူအား လှိုင်မြို့မရဲစခန်းတွင် (ပ)၁၅၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၇၆ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး မရမ်းကုန်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။

တရားခံအား ဇူလိုင်လ ၂ ရက်တွင် မရမ်းကုန်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် (၈၃/၂၀၂၆) ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ဇူလိုင်လ ၂၃ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းခရိုင်တရားရုံးက တရားခံ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ် (မသေမချင်း ကြိုးကွင်းစွပ်၍ သတ်စေ) ချမှတ်ခဲ့သည်။

ထို့အပြင် အခင်းဖြစ်ပွားသည့်နေ့တွင် အဆိုပါအိမ်ရာအတွင်းရှိ အခြားအိမ်တစ်အိမ်မှ ပစ္စည်းများ ဝင်ရောက်ခိုးယူခဲ့မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၄၅၇၊ ၃၈၀/၇၅ ဖြင့်လည်း စွဲချက်တင်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၇၅ အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ (ဒုတိယပိုင်း/၇၅) အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်တို့ကို သီးခြားစီ ချမှတ်ခဲ့ကြောင်း သိရသည်။