လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ပြီးစီးသဖြင့် ပခုက္ကူနှင့် ရေစကြိုဒေသများသို့ လျှပ်စစ်မီး ပြန်လည်ပေးဝေနိုင်

(ပြည်တွင်း) ဇူလိုင် ၂၅

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရာတွင် လျှပ်စစ်ဓာတ်အားသည် အရေးပါသည့် အခြေခံအင်အားတစ်ရပ်ဖြစ်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ၊ စက်မှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေးကို အစိုးရက အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်နေစဉ် ဇူလိုင် ၁၉ ရက်က ပခုက္ကူမြို့နယ် ပေါင်လောင်ကန်ကျေးရွာအနီးရှိ ၁၃၂ ကေဗွီ ညောင်ပင်ကြီး–ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၃၃၈)မှာ မိုင်းဖောက်ခွဲဖျက်ဆီးခံရပြီး ပြိုလဲပျက်စီးခဲ့သဖြင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ပင်မဓာတ်အားခွဲရုံနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့မှ ဝန်ထမ်းများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ လေးရက်ကြာ အရေးပေါ်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ဇူလိုင် ၂၃ ရက်တွင် ပျက်စီးခဲ့သည့် တာဝါတိုင်အား ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီး ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ဒေသများသို့ လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝ ထိခိုက်မှုများ လျော့နည်းစေရေးအတွက် လျှပ်စစ်ဝန်ထမ်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လျှပ်စစ်မီးပြန်လည်ရရှိလာမှုအပေါ် ဒေသခံပြည်သူများ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။