ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း အီရန်က သတိပေးပြီးနောက် အမေရိကန်က (၁၂) ရက်မြောက်နေ့အဖြစ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်

(နိုင်ငံတကာ) ဇူလိုင် ၂၃                              

   အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို (၁၂) ရက်မြောက်နေ့အဖြစ် ဆက်တိုက်လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မိမိတို့၏ လုံခြုံရေး မသေချာမချင်း “မည်သည့် အခြေခံအဆောက်အအုံမှ လုံခြုံမည် မဟုတ်ကြောင်း” သတိပေးကာ ပင်လယ်ကွေ့ဒေသတစ်ဝန်း တိုက် ခိုက်မှုများကို ပိုမိုလုပ်ဆောင်သွားမည်ဟု အီရန် ဘက်က ပြန်လည်ခြိမ်းခြောက်လိုက်သည်။

     ဒေသတွင်း ရေပြင်များတွင် သွားလာနေကြသည့် အရပ်ဘက် သင်္ဘောများနှင့် ရေကြောင်းသွားလာသူများကို ခြိမ်းခြောက်နိုင်သည့် အီရန်၏ စွမ်းရည်ကို ပိုမိုချေမှုန်းရန်အတွက် ဤတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း အမေရိကန် ဗဟိုစစ် ဌာနချုပ် (CENTCOM) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။                      

     အီရန်တောင်ပိုင်း ဘူရှဲမြို့အနီးတွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီး ကူဝိတ်နိုင်ငံကလည်း ၎င်းတို့၏ လေကြောင်းရန် ကာကွယ် ရေးစနစ်ဖြင့် အီရန်၏ ဒရုန်းတိုက်ခိုက်မှုကို ကြားဖြတ်ခုခံခဲ့ရသည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ ဓာတ်အားပေးစက်ရုံများနှင့် တံတားများကို ပိုမိုပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့ပြီး၊ ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်တပ်ဖွဲ့များက သင်္ဘောတစ်စင်းကို တိုက်ခိုက်တိုင်း အမေရိကန်ဘက်က အီရန်ရှိ ဓာတ်အားပေးစက်ရုံ သို့မဟုတ် တံတားတစ်စင်းကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု တုံပြန်ခဲ့သည်။

     အီရန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်လနှောင်းပိုင်းမှစ၍ အမေရိကန် တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၃ ဦး အပါအဝင် လူ ၅၃ ဦး သေဆုံးခဲ့ပြီး အခြားသူ ၅၉၀ ဒဏ်ရာရရှိခဲ့သည်။          

     အီရန်ဘက်ကလည်း အမေရိကန်၏ ထိုးစစ်ကို တုံ့ပြန်သည့်အနေဖြင့် ဘာရိန်း၊ ကူဝိတ်နှင့် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်ပိုင် ဆိုင်ရာများနှင့် မဟာမိတ်နေရာများကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ ဂျော်ဒန်ရှိ လေတပ်အခြေစိုက်စခန်းတစ်ခုအပေါ် တိုက် ခိုက်မှုကြောင့် အမေရိကန်စစ်သည် သုံးဦး သေဆုံးခဲ့ပြီး၊ အီရတ်နိုင်ငံ အာဘေးလ်မြို့တွင် ဒရုန်းဖောက်ခွဲမှုကြောင့် စတုတ္ထမြောက် အမေရိကန်စစ်သားတစ်ဦး ထပ်မံသေဆုံးခဲ့ရာ ယခုစစ်ပွဲအတွင်း ကျဆုံးခဲ့ရသည့် အမေရိကန် တပ်ဖွဲ့ဝင် စုစုပေါင်း အရေအတွက် ၁၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။

     အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နှင့် အဓိကညှိနှိုင်းရေးမှူး Mohammad Bagher Ghalibaf တို့ကမူ ၎င်းတို့၏ လုံခြုံရေး မသေချာမချင်း မည်သည့်အခြေခံအဆောက်အအုံမှ လုံခြုံမည်မဟုတ်ကြောင်းနှင့် မည်သည့်ကျူး ကျော်မှုကိုမဆို အပြတ်အသတ် ပြန်လည်တုံ့ပြန်သွားမည်ဖြစ် ကြောင်း အလေးပေးပြောကြားခဲ့သည်။

     နှစ်ဖက်စလုံးက ယခင်က လက်မှတ်ရေးထိုးခဲ့ကြသော ကြားဖြတ်ငြိမ်းချမ်းရေး သဘောတူညီချက်ကို စွန့်လွှတ်လိုက်ပြီဖြစ်သဖြင့် အရှေ့အလယ်ပိုင်း ပဋိပက္ခမှာ အလုံးစုံ စစ်ပွဲကြီးတစ်ခုဆီသို့ ပိုမိုနီးကပ်လာနေပြီ ဖြစ်သည်။       

Telegram»…  https://t.me/positiveanglenews

#PAN