
(နိုင်ငံတကာ) ဇူလိုင် ၂၃
သမိုင်းတစ်လျှောက် အမြန်ဆုံးပြန့်နှံ့နေသော အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို ခံစားနေရသည့် ဒီမိုကရက်တစ်သမ္မတ နိုင်ငံကွန်ဂို (DRC) နိုင်ငံတွင် ရောဂါကြောင့် သေဆုံးသူ အရေ အတွက်မှာ ၁,၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လာခဲ့ပြီဖြစ် ကြောင်း ကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ကြေညာသည်။
ဂါနာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော ကျန်းမာရေးညီလာခံတစ်ခုတွင် အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ညွှန်ကြားရေးမှူးချုပ် Jean Kaseya က မေလအတွင်း ဘွန်ဒီဘူဂျီယို (Bundibugyo) ဗိုင်းရပ်စ်မျိုးကွဲ စတင်ပေါ်ပေါက်လာချိန်မှစ၍ သေဆုံးသူ ၁,၀၃၁ ဦး အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့မှာ ကာကွယ်ဆေးတွေ မရှိလို့၊ ဆေးဝါးတွေ မရှိလို့နဲ့ ရန်ပုံငွေ မရှိလို့ လူတွေ သေဆုံးနေရပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။
DRC ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တနင်္လာ နေ့အထိ အတည်ပြုလူနာ ၂,၄၇၃ ဦး ရှိလာပြီး အနည်းဆုံး လူနာ ၇၃၇ ဦးကို သီးသန့်ခွဲခြားထားရှိခြင်း သို့မဟုတ် ဆေးရုံတင်ထားရှိခြင်းများ လုပ်ဆောင်လျက်ရှိသည်။ အရှေ့မြောက်ပိုင်း Ituri ပြည်နယ်တွင် ပထမဆုံး သေဆုံးမှုများ စတင်မှတ်တမ်းတင်ခဲ့ရပြီးနောက် မေလ ၁၅ ရက်နေ့က ဤရောဂါဖြစ်ပွားမှုကို စတင်ကြေညာခဲ့ခြင်း ဖြစ်သည်။
ယခင်က အကြီးမားဆုံးနှင့် အသေအပျောက် အများဆုံးဖြစ်ခဲ့သော ၂၀၁၃ – ၂၀၁၆ အနောက်အာဖရိက ကပ်ရောဂါတုန်းက သေဆုံးသူ ၁,၀၀၀ ပြည့်ရန် လပေါင်း ၈ ခန့် ကြာမြင့်ခဲ့သော် လည်း၊ ယခု DRC နိုင်ငံတွင်း ဖြစ်ပွားနေသော ကပ်ရောဂါမှာမူ ၁၀ ပတ်အတွင်းပင် အဆိုပါ အရေအတွက်သို့ အရောက်လှမ်းသွားခဲ့ခြင်းက အခြေအနေမည်မျှ ဆိုးရွားနေသည်ကို ပြသနေ သည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) ၏ အဆိုအရ အိမ်နီး ချင်း ယူဂန်ဒါနိုင်ငံတွင်လည်း ဤဗိုင်းရပ်စ်ကြောင့် လူနှစ်ဦး သေ ဆုံးခဲ့ပြီးဖြစ်သည်။
လက်တလော ပြန့်နှံ့နေသော ဘွန်ဒီဘူဂျီယို မျိုးကွဲမှာ လူသားများကို ကူးစက်တတ်သည့် အီဘိုလာ မျိုးကွဲလေးခုအနက် အရှား ပါးဆုံးဖြစ်ပြီး၊ လက်ရှိတွင် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ကုသနည်း မရှိသေးပေ။ ကပ်ရောဂါကို မထိန်းချုပ်နိုင်ပါက ကမ္ဘာပေါ်တွင် မှတ်တမ်းတင်သမျှ အဆိုးရွားဆုံး ဖြစ်လာနိုင်ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက သတိပေးထား သည်။
ယူဂန်ဒါနိုင်ငံတွင် လွန်ခဲ့သည့် တစ်လကျော်အတွင်း ကူးစက်ခံရသူအသစ် မရှိတော့သဖြင့် အဆိုပါနိုင်ငံအပေါ် ချမှတ်ထားသည့် ခရီးသွားလာခွင့် ကန့်သတ်ချက်များကို ရုပ်သိမ်းပေးရန် အမေရိကန် ကျန်းမာရေးဝန်ကြီးထံ မေတ္တာရပ်ခံထားသော်လည်း၊ အမေရိကန်ပြည်ထောင်စုကမူ DRC နှင့် ယူဂန်ဒါနိုင်ငံများမှ ခရီးသွားလာသူများအပေါ် ကန့်သတ်ချက်များကို ဆက်လက်ထားရှိဆဲ ဖြစ်သည်။
Telegram»… https://t.me/positiveanglenews
#PAN