
(နိုင်ငံတကာ) ဇူလိုင် ၂၁
အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများတွင် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရာ လူ ၂၅ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက တနင်္လာနေ့တွင် တရား ဝင် ထုတ်ပြန်ကြေညာသည်။
သီတင်းပတ်ကုန်ရက်များအတွင်း ကျရောက်ခဲ့သော မုတ်သုံမိုးဒဏ်ကြောင့် ဂျာမူးနှင့် ကက်ရှ်မီးယားဒေသအပြင် အရှေ့ မြောက်ပိုင်း နာဂလန်းပြည်နယ်တို့တွင် အဆိုးရွားဆုံး ထိခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။
ကက်ရှ်မီးယားဒေသ Poonch၊ Rajouri နှင့် Doda ခရိုင်များတွင် မိုးနှင့်ဆက်စပ်သော ဘေးအန္တရာယ်များကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်သည်။ Rajouri ရှိ ရေကြီးရေလျှံမှုကြောင့် ပိုင်ဆိုင်မှုများ ပျက်စီးခဲ့ရပြီး စစ်တပ်နှင့် ကယ်ဆယ်ရေးအဖွဲ့များက ကလေးငယ် ၅ ဦးအပါအဝင် လူ ၁၁ ဦးကို အရေးပေါ် ကယ်ဆယ်နိုင်ခဲ့သည်။
နာဂလန်းပြည်နယ်: အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများစွာ ဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံးပြီး အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ Mon ခရိုင်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
အလားတူ အိမ်နီးချင်း အာသံပြည်နယ်တွင်လည်း ရေကြီးမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ခရိုင် ၇ ခုမှ ပြည်သူ ၅၇,၀၀၀ ကျော် ဘေးဒဏ်သင့်ခဲ့ရသည်။
အိန္ဒိယမိုးလေဝသဌာန၏ သတိပေးချက်အရ ဂျာမူးနှင့် ကက်ရှ်မီးယားဒေသတွင် လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး မုတ်သုံလေအခြေ အနေမှာ တစ်ပတ်ခန့်အထိ တည်ရှိနေဦးမည်ဟု ဆိုသည်။
ဘုရားဖူးများ၏ လုံခြုံရေးကို အဓိကထား၍ လမ်းကြောင်းများ ဘေးကင်းကြောင်း အတည်မပြုနိုင်မချင်း နှစ်စဉ် ကျင်းပမြဲဖြစ်သော Amarnath ဘုရားဖူးခရီးစဉ် (ပြီးခဲ့သည့်နှစ်က ဟိန္ဒူဘာသာဝင် ၄၀၀,၀၀၀ ကျော် ပါဝင်ခဲ့) နှင့် ဂျာမူးရှိ Vaishno Devi ဘုရားဖူးခရီး စဉ်များကို ယာယီရပ်ဆိုင်းထားကြောင်းလည်း အာဏာပိုင်များက ကြေညာခဲ့သည်။
အိန္ဒိယနိုင်ငံတစ်ဝန်းတွင် နွေရာသီကာလရှည်ကြာပြီးနောက် ရောက်ရှိလာတတ်သည့် မုတ်သုံမိုးရာသီအတွင်း ရေကြီးခြင်းနှင့် ဆက်စပ်မတော်တဆမှုများမှာ နှစ်စဉ် ဖြစ်ပွားလေ့ရှိပြီး နိုင်ငံ၏ အစိတ်အပိုင်းအများအပြားတွင် ပြင်းထန်သော ရေရှားပါးမှုနှင့် မိုးခေါင်ရေရှားမှု ပြဿနာများကိုလည်း ရင်ဆိုင်နေရသည်။
Telegram»… https://t.me/positiveanglenews
#PAN