ကွတ်ခိုင်တွင် မီးဖိုချောင်မီးကြွင်းမှ မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၂ လုံးနှင့် ပစ္စည်းအများအပြား ဆုံးရှုံး

(မှုခင်း)ဇူလိုင် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် မန်ပုံကျေးရွာတွင် မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပြာကျကာ ပစ္စည်းဥစ္စာအများအပြား ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက် နံနက် ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၇၀ ကျော်အရွယ် ဇနီးမောင်နှံနှင့် အသက် ၆ နှစ်အရွယ် မြေးဖြစ်သူတို့ နေထိုင်သည့်အိမ်တွင် ညစာချက်ပြုတ်ပြီးနောက် မီးကို အပြည့်အဝ မငြှိမ်းသတ်မိရာမှ မီးဖိုချောင်အတွင်းရှိ မီးကြွင်းမီးကျန်များက နေအိမ်သို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံး၊ ကားတစ်စီး၊ ရွှေ ၂ ကျပ်သား၊ ငွေကျပ် ၆ သိန်း ၈ သောင်း၊ ဆန် ၁၅၀ တင်းတို့ ဆုံးရှုံးခဲ့ရပြီး မီးသည် အနီးရှိ နေအိမ်တစ်လုံးသို့လည်း ကူးစက်လောင်ကျွမ်းခဲ့ရာ ယင်းအိမ်နှင့် စပါး ၁၆၀ တင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

လူထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း မိသားစုနှစ်စု၏ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN