(မှုခင်း) ဇူလိုင် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-ရွှေညောင်ရထားလမ်းရှိ ရထားသံလမ်းထိန်း ကလစ် အခု ၁၀၀၀ ကျော် ခိုးယူခံရမှုမှ ခိုးယူသူများနှင့် လက်ခံဝယ်ယူသူများအား ဇူလိုင်လ ၁၉ ရက်၊ ညပိုင်းအချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၉ ရက်၊ နံနက်ပိုင်းအချိန်က မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာန၊ သံလမ်းတာဝန်ခံ ဦးဝင်းမင်းထွန်းသည် တောင်ကြီး-ရွှေညောင် ရထားလမ်းအား စစ်ဆေးနေစဉ် ရေထွက်ဦးဘူတာ၊ မိုင်တိုင်အမှတ် (၄၁၉/၂၃) နှင့် ထီသိမ်ဘူတာ၊ မိုင်တိုင်အမှတ် (၄၂၀/၃) အကြားတွင် ရထားသံလမ်းအား ထိန်းထားသည့် သံလမ်းထိန်းကလစ် ၁၀၆၁ ခု၊ စုစုပေါင်း တန်ဖိုး ကျပ် ၃ သိန်းကျော် ခန့်အား ခိုးယူခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် တောင်ကြီးနယ်မြေရဲစခန်း တပ်ဖွဲ့ဝင် များက အဆိုပါ ရထားသံလမ်းထိန်းကလစ်များ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ ၎င်းနေရာအနီးတွင် နေထိုင်သူ အမျိုးသားတစ်ဦးမှ ဘုရားဖြူရပ်ကွက်၊ ဩတချောင်းအတွင်း နေထိုင်သည့် ကလေးငယ် ၁၀ ဦးခန့်သည် လွန်ခဲ့သော ၁၀ ရက်ခန့်က သံထိန်းကလစ်များ ဖြုတ်ယူနေသည်ကို တွေ့ရှိကြောင်း သိရသည်။
သက်ဆိုင်ရာတာဝန်ရှိသူများမှ ကလေးများကို သွားရောက်ခေါ်ဆောင် စစ်ဆေးခဲ့ရာတွင် ကလေး ၁၀ ဦးမှ သံလမ်းထိန်း ကလစ် များအား ကျောက်ခဲဖြင့် ထု၍ဖြုတ်ယူပြီး တစ်ပိဿာလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ဘုရားဖြူရပ်ကွက်၊ ဩတချောင်း ဧည့်ရိပ်သာလမ်းရှိ သံတိုသံစ ရောင်းဝယ်ရေးဆိုင်သို့ သွားရောက်ရောင်းချခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကလေးများ၏ ထွက်ဆိုချက်အရ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ သံတိုသံစ ရောင်းဝယ်သူ ဦးဝင်းလှိုင်ဦး၏ နေအိမ်အား သွားရောက်စစ်ဆေးရာ ၎င်းအား ဆိုင်အတွင်း အသင့်တွေ့ရှိရပြီး ၎င်းမှ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူထားသည့် သံလမ်းထိန်း ကလစ် ၂၇၉ ခုအား ပြန်လည်သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါ သံလမ်းထိန်းကလစ်များ ခိုးယူသူ ကလေးငယ် ၁၀ ဦးနှင့် လက်ခံဝယ်ယူထားသူအား ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၄ ဖြင့် အမှုဖွင့်လှစ်ပြီး နောက်ဆက်တွဲအမှုများ ဖော်ထုတ်နိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN