

(မှုခင်း) ဇူလိုင် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရဲ့ အေးသာယာမြို့နဲ့ ရွှေညောင်မြို့တွေ ရွှေဆိုင်တွေမှာ ရွှေအစစ် ဆွဲကြိုး ၁ ကုံးကို ပြသပြီး ရွှေအတုနဲ့ လိမ်လည်ရောင်းချခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ ဇူလိုင်လ ၁ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရွှေအတုကို ဝယ်ယူမိတာကြောင့် ရွှေဆိုင်နှစ်ဆိုင်မှာ သိန်း ၂၀၀ ဖိုးခန့် ဆုံးရှုံးမှုရှိခဲ့တာ ဖြစ်တယ်လို့ သိရတာ ဖြစ်ပါတယ်။
အဆိုပါ ရွှေအတုရောင်းချခဲ့သူကို ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၁၁ နာရီခွဲကျော်က တောင်ကြီးမြို့မှာပဲ တောင်ကြီးမြို့ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီနိုင်ခဲ့တာဖြစ်ပြီး ရွေအတုရောင်းချမှုနဲ့ ဖမ်းဆီးခံရသူမှာ ရီရီခိုင် (ခ) တင်ဇာဆွေဖြစ်တယ်လို့ သိပါတယ်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့က ရွှေဆိုင်တစ်ဆိုင်ကို အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး အလေးချိန် ၁ ကျပ်သားရှိတဲ့ ဆွဲကြိုးတစ်ကုံးကို လာရောက်ရောင်းချရာ ရွှေဆိုင်ဘက်ကလည်း ရွေဝယ်ယူရေးလုပ်ငန်းစဉ်အရ မှတ်ကျောက်တာတွေ၊ မီးစမ်းတာတွေကို ပြုလုပ်ခဲ့ပြီး ရွှေအစစ်ဖြစ်ကြောင်း သိရှိရပြီးနောက် ဝယ်ယူမယ့် ဈေးနှုန်းကို ဖြတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် CCTV မှတ်တမ်းကို ကြည့်ရှုစစ်ဆေးချက်အရ ရောင်းချသူအမျိုးသမီးဟာ ဆိုင်က ဖြတ်ပေးတဲ့ဈေးနဲ့ အဆင်မပြေကြောင်း ပြောဆိုခဲ့ပြီး ဆိုင်အတွင်းမှာပဲ ခဏထိုင်နေစဉ် ဆိုင်အတွင်းကို အခြား Customer တစ်ဦး ရောက်ရှိလာပြီး ရွှေအရောင်းအဝယ်စကား ပြောနေစဉ်မှာ အဆိုပါ အမျိုးသမီးဟာ ပထမရောင်းချမယ့် ရွှေဆွဲကြိုးအစာ ၎င်းကြိုတင် ယူဆောင်လာခဲ့တဲ့ ရွှေအတုဆွဲကြိုးတစ်ကုံးနဲ့ လဲလှယ်ကာ ဆိုင်ကဖြတ်ပေးတဲ့ဈေး သိန်း ၇၀ နဲ့ ရောင်းချသွားခဲ့တာ ဖြစ်တယ်လို့ သိရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၁ ရက်နေ့ကလည်း တောင်ကြိုးမြို့နယ်၊ ရွှေညောင်မြို့က ရွှေဆိုင်တစ်ဆိုင်မှာလည်း အလားတူ ရွှေအစစ်ပြကာ ရွှေအတုရောင်းချခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ပြန်လည်စစ်ဆေးကြည့်ရာ အဆိုပါအမျိုးသမီးကပဲ ရွှေ ၁ ကျပ်သား ဆွဲကြိုးတစ်ကုံးနဲ့ ၁၅ ပဲ အလေးချိန်ရှိတဲ့ ရွှေဆွဲကြိုးတစ်ကုံးတို့ကို သိန်း ၁၀၀ ခန့်နဲ့ လိမ်လည်ရောင်းချသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ရွှေအတုရောင်းချမှု ဖြစ်စဉ်နှစ်ခုစလုံးကို ကျူးလွန်ခဲ့တဲ့ အဆိုပါအမျိုးသမီးကို အေးသာယာရွှေဆိုင်ဖြစ်မှာ အမှုဖွင့်လှစ်ခဲ့ပေမယ့် ရွှေညောင်ရွှေဆိုင်က လိမ်လည်ခံရမှုနှင့် ပတ်သက်၍မူ ရွှေညောင်နယ်မြေရဲစခန်း တာဝန်ရှိသူက အမှုဖွင့်တိုင်တန်းထားတာတွေ မရှိဘူးလို့ သိရပါတယ်။
လက်ရှိမှာ ရွှေအတု လိမ်လည်ရောင်းချခဲ့သူ ရီရီခိုင် (ခ) တင်ဇာဆွေကို တောင်ကြီးမြို့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး အေးသာယာနယ်မြေရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတာကြောင့် ၎င်းကို အေးသာယာရဲစခန်းကို ပို့ဆောင်ကာ စစ်ဆေး အရေးယူဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့လည်း သိရတာ ဖြစ်ပါတယ်။