(ပြည်တွင်း) ဇူလိုင် ၁၉
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဒုတိယဝန်ကြီးနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) သို့ သွားရောက်၍ စာကြည့်တိုက်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဝန်ဆောင်မှုပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ရှိ ဝန်ထမ်းများအား တွေ့ဆုံ၍ အမှာစကားပြောကြားပြီး စာကြည့်တိုက်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လေ့လာခဲ့သည်။
ယင်းနောက် မြေညီထပ် (Ground Floor) ရှိ အမှတ်တရပစ္စည်းအရောင်းခန်း၊ CCTV Control Room၊ Data Center၊ Book Stack (စာအုပ်စင်ခန်း) များနှင့် ပြပွဲခန်းမ (Exhibition Hall) တို့ကိုလည်းကောင်း၊ ပထမထပ်ရှိ Multimedia Room၊ Audio Video Room နှင့် Digital Library Room တို့ကိုလည်းကောင်း လိုက်လံကြည့်ရှုခဲ့သည်။ဆက်လက်၍ ဒုတိယထပ်ရှိ အထွေထွေစာဖတ်ခန်း၊ ရည်ညွှန်းစာဖတ်ခန်း၊ ရှားပါးစာအုပ်များနှင့် ပေ၊ ပုရပိုက်ခန်းများကိုလည်းကောင်း၊ တတိယထပ်ရှိ အထူးစာဖတ်ခန်း (Special Reading Room)၊ မသန်စွမ်းသူများစာဖတ်ခန်း၊ သင်တန်းခန်းမနှင့် စာစု၊ စာပြုခန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘွဲ့လွန်စာကြည့်တိုက် ဒီပလိုမာသင်တန်းသားများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ကလေးစာဖတ်ခန်းနှင့် ပုံပြောခန်းများကိုလည်း လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
Telegram….https://t.me/positiveanglenews#PAN