
(နိုင်ငံတကာ) ဇူလိုင် ၂၀
အီရန်နိုင်ငံသည် လက်ရှိတွင် စစ်ပွဲကြောင့် ပျက်စီးသွားသည့် အခြေခံအဆောက်အအုံများနှင့် တစ်နှစ်အတွင်း အဆိုးရွားဆုံး အပူလှိုင်းဒဏ်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရသည်။ ဤအကျပ်အတည်းများသည် နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်တောက်မှုကို ဖြစ်ပေါ်စေပြီး ပြည်သူများ၏ ပညာရေး၊ ကျန်းမာ ရေးနှင့် စီးပွားရေးလုပ်ငန်းများကို အကြီးအကျယ် ထိခိုက်စေလျက်ရှိသည်။
မြို့တော် တီဟီရန်တွင် လျှပ်စစ်မီး မမှန်မှုကြောင့် နေ့စဉ်ဘဝများမှာ အလွန်ခက်ခဲနေသည်။ တက္ကသိုလ်ကျောင်းသားများမှာ မီးပြတ်တောက်မှုကြောင့် အွန်လိုင်းစာမေးပွဲ ပလက်ဖောင်းများ ပျက်စီးကာ စာမေးပွဲဖြေဆိုခွင့်များ ရွှေ့ဆိုင်းခံနေရသည်။
ပို၍စိုးရိမ်စရာကောင်းသည်မှာ အိမ်တွင်းတွင် အသက်ရှူစက်ကို မှီခိုနေရသည့် လူနာများနှင့် ရေခဲသေတ္တာအတွင်း သိမ်း ဆည်းထားရသည့် အသက်ကယ်ဆေးဝါးများအတွက် မီးပြတ်တောက်မှုမှာ “အသက်သေဆုံးနိုင်သည့် အန္တရာယ်” အဖြစ် ရှိနေသည်။

အစိုးရအနေဖြင့် နွေရာသီတွင် မီးပြတ်တောက်မှု မရှိစေရဟု ကတိပေးထားသော်လည်း အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုများကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဗုံးခွဲခံရခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ Kish ကျွန်းရှိ လျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် အခြားသော ဖြန့်ဖြူးရေးကွန်ရက်များ ပြင်းထန်စွာ ပျက်စီးခဲ့ရသည်။
နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းအားမှာ ၄,၂၀၀ မီဂါဝပ်အထိ ကျဆင်းသွားပြီး ကွန်ရက်နေရာပေါင်း ၂,၀၀၀ ကျော် ပျက်စီးသွားကြောင်း တာဝန်ရှိသူများက အတည်ပြုသည်။
စစ်ပွဲမတိုင်မီက လျှပ်စစ်ပိုလျှံအောင် ထုတ်လုပ်နိုင်ခဲ့သည့် Mahshahr ရေနံဓာတုဗေဒစက်ရုံမှာလည်း ဗုံးခွဲခံရပြီးနောက် ယခုအခါ လျှပ်စစ်ဓာတ်အား ပြန်လည်ဝယ်ယူသုံးစွဲနေရသည့် အခြေအနေသို့ ရောက်ရှိသွားသည်။ စက်မှုဇုန်များတွင် တစ်ရက်လျှင် ၄ နာရီမှ ၆ နာရီအထိ မီးပြတ်တောက်နေခြင်းကြောင့် ထုတ် လုပ်မှုနှုန်း ကျဆင်းခြင်း၊ ပို့ကုန်များ ရပ်တန့်ခြင်းနှင့် ကုန်ကျ စရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် အီရန်၏ စီးပွားရေးမှာ အလွန်အထိအခိုက်များနေသည်။

စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်အရ ဤအကျပ် အတည်း၏ အဓိကအရင်းအမြစ်မှာ နှစ်ရှည်လများ ရင်းနှီးမြှုပ်နှံမှု အားနည်းခဲ့ခြင်းနှင့် အိုမင်းရင့်ရော်နေသည့် ဓာတ်အားပို့လွှတ်ရေးလိုင်းများကြောင့်ဖြစ်ပြီး၊ စစ်ပွဲကမူ ဤပြဿနာကို ပိုမိုမြန် ဆန်စွာ ပေါက်ကွဲထွက်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Telegram»… https://t.me/positiveanglenews
#PAN