မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ် ပထမဆုံးအကြိမ် ပူးပေါင်းလေ့ကျင့်သည့် TIGER-2026 စစ်ရေးလေ့ကျင့်ခန်း အောင်မြင်စွာကျင်းပပြီးစီး

(ပြည်တွင်း) ဇူလိုင် ၁၈

စစ်မြေပြင်ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် နှစ်နိုင်ငံကြည်းတပ်များအကြား ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်မြှင့်တင်ရေး ရည်ရွယ်၍ ပြုလုပ်သည့် မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်ခန်း MYANMAR-RUSSIA JOINT EXERCISE (TIGER-2026) ကို နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း လေ့ကျင့်ရေးနယ်မြေ၌ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်တွေ့သရုပ်ပြလေ့ကျင့်ခန်းသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်၊ တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ရုရှားတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး NOSULEV Mikhail Yakovlevich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြည့်ရှုခဲ့ကြသည်။

လေ့ကျင့်ခန်းတွင် မြန်မာ-ရုရှား ပူးပေါင်းတပ်ဖွဲ့များက တိုက်စစ်ဆင်ရေးဆိုင်ရာ လေ့ကျင့်မှုများကို အဆင့်လိုက် ဆောင်ရွက်ခဲ့ရာ Drone ဖြင့် ရန်သူ့နယ်မြေ ကင်းထောက်ခြင်း၊ ရဟတ်ယာဉ်အသုံးပြု၍ စီးနင်းတိုက်ခိုက်ရေးအဖွဲ့များ ချထားခြင်း၊ Sniper အဖွဲ့များ၏ တိကျသောပစ်ခတ်မှုများ၊ FPV နှင့် Heavy Drone များအသုံးပြု၍ ပစ်မှတ်များအား ချေမှုန်းခြင်းတို့ကို လက်တွေ့သရုပ်ပြခဲ့ကြသည်။

ထို့နောက် ပူးပေါင်းတပ်ဖွဲ့များသည် သတ်မှတ်ထားသည့် တိုက်စစ်စီမံချက်အတိုင်း ရည်မှန်းချက်နေရာများသို့ ထိုးဖောက်ဝင်ရောက်ကာ ရန်သူ့အခြေပြုနေရာများကို ချေမှုန်းပြီး ရည်မှန်းချက်များအား သိမ်းပိုက်နိုင်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

ယင်းလေ့ကျင့်ခန်းသည် မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော် ကြည်းတပ်များအကြား ပထမဆုံးအကြိမ် ပြုလုပ်သည့် ပူးတွဲလေ့ကျင့်ခန်းဖြစ်ပြီး နှစ်နိုင်ငံတပ်ဖွဲ့များအကြား စစ်မြေပြင်အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အသိပညာများနှင့် လက်တွေ့လုပ်ငန်းစဉ်များကို အပြန်အလှန်ဖလှယ်နိုင်သည့် အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့ကြောင်း သိရသည်။

ရုရှားတပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး NOSULEV Mikhail Yakovlevich က အမှာစကားပြောကြားရာတွင် ယခုလေ့ကျင့်ခန်းသည် နှစ်နိုင်ငံတပ်မတော်များအကြား ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခြင်း၊ ဆွေးနွေးသုံးသပ်ခြင်းနှင့် လက်တွေ့လေ့ကျင့်မှုများမှတစ်ဆင့် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာခဲ့ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကလည်း ယခုလေ့ကျင့်ခန်းသည် ခေတ်မီစစ်မြေပြင်တွင် အသုံးပြုလာသည့် UAV၊ Drone၊ FPV စနစ်များနှင့် နည်းပညာမြင့် စစ်လက်နက်ပစ္စည်းများကို ပေါင်းစပ်အသုံးပြု၍ လက်တွေ့လေ့ကျင့်နိုင်ခဲ့သည့်အတွက် ပါဝင်လေ့ကျင့်သူများနှင့် လေ့လာသူများအတွက် အကျိုးရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာ-ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့များစုပေါင်းလေ့ကျင့်မှုကို ဇူလိုင် ၆ ရက်မှစတင်၍ ဥတ္တရသီရိတပ်နယ်ရှိ အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်း၌ ဆောင်ရွက်ခဲ့ပြီး အင်ဂျင်နီယာ၊ ဒရုန်း၊ စနိုက်ပါ၊ ဆေးဘက်ဆိုင်ရာ၊ ဆက်သွယ်ရေး၊ တောတွင်းနှင့် တောင်ပေါ်စစ်ဆင်ရေးဆိုင်ရာ ဘာသာရပ်များကို နှစ်နိုင်ငံနည်းပြများက စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ယခုလေ့ကျင့်ခန်းမှ ရရှိသည့် အတွေ့အကြုံများသည် မြန်မာ-ရုရှား တပ်မတော်နှစ်ရပ်အကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ပေးနိုင်မည့် အခြေခံကောင်းတစ်ရပ် ဖြစ်လာမည်ဟု သိရသည်။

Telegram _ t.me/positiveanglenews

#PAN