(နိုင်ငံတကာ) ဇူလိုင် ၁၈
အမျိုးသားလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ တက်ရောက်ရန် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ဇူလိုင် ၁၆ ရက်တွင် ကျင်းပသည့် အစည်းအဝေး၌ တက်ရောက်၍ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေး၊ ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေး စသည့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၅ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် မစ္စတာအာဂျစ်ဒိုဗယ်လ်က အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ထို့အပြင် ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်များတွင် ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် မစ္စတာအာဂျစ်ဒိုဗယ်လ်၊ သီရိလင်္ကာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် မစ္စတာဆမ်ပက်သူရကွန်သာ၊ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် မစ္စတာ ချတ်ချိုင်ဘန်ချွတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်၏ ကာကွယ်ရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဒေါက်တာ အေကေအမ်ရှမ်ဆူလ်အစ္စလာမ်တို့နှင့် သီးခြားတွေ့ဆုံခဲ့သည်။
ယင်းတွေ့ဆုံမှုများတွင် နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှု တားဆီးရေး၊ သတင်းအချက်အလက် အပြန်အလှန်မျှဝေရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေး၊ နည်းပညာမျှဝေရေး၊ ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံမှ လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် သက်ဆိုင်ရာနိုင်ငံများမှ သံတမန်အရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Telegram -t.me/positiveanglenews
#PAN