အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်တွင် ICE အေဂျင်စီမှ ကိုယ်စားလှယ်များ ပစ်ခတ်မှုကြောင့် ကိုလံဘီယာနိုင်ငံသားတစ်ဦး သေဆုံး၊ စုံစမ်းစစ်ဆေးမှုများ စတင်  

(နိုင်ငံတကာ) ဇူလိုင် ၁၄

   အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊ ဘစ်ဒ်ဖော့ (Biddeford) မြို့တွင် ပြီးခဲ့သည့် တနင်္လာနေ့နံနက်ပိုင်းက လူဝင် မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဦးစီးဌာန (ICE) မှ အရာရှိများ ၏ ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုလံဘီယာနိုင်ငံ သားတစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

    ဤဖြစ်ရပ်သည် အမေရိကန်တစ်ဝန်း၌ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်မှုများ မြင့်တက်လာနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ပြည်သူများအကြား အလွန်တုန်လှုပ်ခြောက်ခြားဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။                    

   ဇူလိုင်လ ၁၃ ရက် နံနက် ၇:၃၀ နာရီခန့်တွင် ဘစ်ဒ်ဖော့မြို့၌ မီးရှူးမီးပန်းပေါက်ကွဲသံနှင့် ဆင်တူသော အသံများ ကြားလိုက်ရပြီးနောက် မျက်မြင်သက်သေ အသက် ၇၁ နှစ်အရွယ် ဒန်နီရယ် ဘူးချားက အဖြူရောင် SUV ကားတစ်စီးက အခြားကားငယ်တစ်စီးကို အကြိမ်ကြိမ်ဝင်တိုက်နေသည်ကို မြင်တွေ့ခဲ့ရသည်။                       

    ICE အရာရှိများက ကားငယ်ပေါ်မှ လူငယ်တစ်ဦးကို ဆွဲထုတ် ၍ ဖမ်းဆီးစဉ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသော လူငယ်မှာ မျက်နှာနှင့် ဦးခေါင်းတွင် သွေးများစွန်း ထင်းနေလျက် “ကျွန်တော် ရပ်ဖို့ ကြိုးစားခဲ့ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ဘူးချားက မျက်ရည်စက်လက်ဖြင့် ပြောပြ သည်။         

     အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး၏ အဆိုအရ သေ ဆုံးသူက ICE အရာရှိများကို ယာဉ်ဖြင့် တိုက်ခိုက်ရန် ကြိုးစားသဖြင့် ခုခံပစ်ခတ်ရခြင်းဖြစ်ကြောင်း ဆိုသည်။ သို့သော်လည်း အခင်းဖြစ်ပွားသည့်နေရာ၌ အရာရှိများတွင် ကိုယ်ထည်ကင်မရာ (Body Camera) တပ်ဆင်ထားခြင်း မရှိသဖြင့် အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်အခြေအနေကို သိရှိနိုင်ရန် ခက်ခဲလျက်ရှိသည်။              

    မိန်းပြည်နယ် အုပ်ချုပ်ရေးမှူး ဂျာနက် မီးလ်စ် က ပြည်နယ်ရဲတပ်ဖွဲ့၊ FBI နှင့် ရှေ့နေချုပ်ရုံးတို့ ပူးပေါင်း၍ အမှုအား ပွင့် လင်းမြင်သာစွာ စုံစမ်းစစ်ဆေးသွားမည်ဟု ကတိပြုထားသည်။

    ဤဖြစ်စဉ်နှင့် ပတ်သက်၍ မိန်းပြည်နယ်မှ ကွန်ဂရက်လွှတ် တော်ကိုယ်စားလှယ် ချယ်လီ ပင်ဂရီးက အလွန် အမင်း ဒေါသထွက်မိကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ဖော်ပြခဲ့သည်။ သေ ဆုံးသူမှာ အမေရိကန်နိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသူနှင့် လူမှုဖူလုံရေးနံပါတ် ရရှိထားသူဖြစ်ကြောင်း သိရှိရသဖြင့် “ဘာကြောင့် မိန်းပြည်နယ်လို နေရာမျိုးအထိ လာရောက်ပြီး တရားဝင်နေထိုင်သူကို ဖမ်းဆီးရတာလဲ” ဟူသည့် မေးခွန်းများ မြို့ခံများအကြား ပြင်းထန်စွာ ထွက်ပေါ်နေသည်။              

     ယခုဖြစ်စဉ်သည် ဟူစတန်မြို့တွင် ICE အရာရှိတစ်ဦးက မက္ကဆီကိုနိုင်ငံသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ခြောက်ရက်အကြာတွင် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး တင်းကျပ်သည့်မူဝါဒများကြောင့် ICE အနေဖြင့် တစ်နိုင်ငံလုံးတွင် ဖမ်းဆီးမှုများကို အရှိန်မြှင့်တင်လျက်ရှိသည်။ မိန်းပြည်နယ်အတွင်း၌ပင် ဇွန်လမှစ၍ ဖမ်းဆီးမှုနှုန်းမှာ လေးဆကျော် တိုးမြင့်လာပြီး ဇူလိုင်လအစောပိုင်းတွင် တစ်ရက်လျှင် လူ ၇၀ ခန့်အထိ ဖမ်းဆီးမှုများ ရှိနေကြောင်း အတွင်းရေး အချက်အလက်များက ဆိုသည်။           

     ယခုကဲ့သို့ အမေရိကန်ပြည်တွင်း၌ ICE ၏ ပစ်ခတ်မှုကြောင့် သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းက လူဝင်မှုကြီးကြပ် ရေး တင်းကျပ်မှုများအပေါ် ဝေဖန်မှုများကို ပိုမိုမြင့်တက်စေလျက်ရှိသည်။ အမှုနှင့်ပတ်သက်၍ FBI ၏ စုံစမ်းစစ်ဆေးမှု ရလဒ်များကို ပြည်သူများက အထူးစောင့်ကြည့်လျက်ရှိသည်။

Telegram»… https://t.me/positiveanglenews

#PAN