ဟိုပင်မြို့မှ ကျောင်းသား၊ ကျောင်းသူ ၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး မိသားစုများ စိုးရိမ်မှုမြင့်တက်

(ပြည်တွင်း)ဇူလိုင် ၁၄

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် အသက်မပြည့်သေးသည့် ကျောင်းသား၊ ကျောင်းသူ ၈ ဦးသည် ဇူလိုင် ၈ ရက်မှစတင်၍ ပျောက်ဆုံးနေပြီး ယနေ့အချိန်အထိ ၎င်းတို့၏ တည်နေရာနှင့်ပတ်သက်သည့်အတည်ပြုနိုင်သော သတင်းအချက်အလက်များ မရရှိသေးကြောင်း သိရသည်။

ပျောက်ဆုံးနေသူများမှာ မစိုးပပဦး (၁၆ နှစ်)၊ မဟန်သီတာကျော်ကျော် (၁၇ နှစ်)၊ မဇင်မာအောင် (၁၇ နှစ်)၊ မဆွတ်ဆိုင်းအိန် (၁၇ နှစ်)၊ မဆိုင်းထွယ် (၁၇ နှစ်) နှင့် မောင်သီဟနိုင်၊ မောင်အောင်သူရ၊ မောင်ထွန်းနိုင်ဝင်းတို့ဖြစ်ကြသည်။

၎င်းတို့သည် ကျောင်းတက်ရန် နေအိမ်မှ ထွက်ခွာသွားခဲ့ကြသော်လည်း ထိုနေ့မှစ၍ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိတော့ကြောင်း သိရသည်။ဟိုပင်နှင့် အနီးဝန်းကျင်ဒေသများတွင် လိုက်လံစုံစမ်းရှာဖွေမှုများ ပြုလုပ်နေသော်လည်း ထူးခြားသည့် သတင်းအချက်အလက် မတွေ့ရှိရသေးကြောင်း သိရသည်။

လူမှုကွန်ရက်များပေါ်တွင် အဆိုပါ လူငယ်များနှင့်ပတ်သက်၍ သတင်းမျိုးစုံ ထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အတည်ပြုထားခြင်း မရှိသေးဘဲ မိသားစုများကလည်း ကလေးများကို ဘေးကင်းစွာ ပြန်လည်တွေ့ရှိနိုင်ရေးအတွက် ပြည်သူများထံ အကူအညီပေးကြရန် တိုက်တွန်းထားကြောင်း သိရသည်။

Telegram….https://t.me/positiveanglenews#PAN