
(ပြည်တွင်း) ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ (၂) ရပ်ကွက်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်ဆရာတော် ဦးပညာဝံသ (ခ) ဒေါက်တာဖေဉာဏ် (၇၅) နှစ်အား သတ်ဖြတ်ကာ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်း လုယက်ယူဆောင်ခဲ့သည့် တရားခံ ၅ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ဆရာတော် ဒေါက်တာဖေဉာဏ်မှာ ၎င်းသီတင်းသုံးသည့် ကျောင်း ဆောင်အတွင်း၌ ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရပြီး ဆရာတော်၏ လက် ကိုင်ဖုန်း ၂ လုံး ပျောက်ဆုံးနေသဖြင့် မှော်ဘီမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်လှစ်ကာ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ သက်ပိုင်ထွန်း (ခ) ပိုင်လေး (၂၀) နှစ်အား စတင်ဖမ်းဆီးရမိခဲ့သည်။ ၎င်း၏ ထွက်ဆိုချက်အရ ပူး ပေါင်းပါဝင်သူများဖြစ်သည့် စိုးရာဇာ (ခ) စိုးဝင်းကျော် (၂၂) နှစ်၊ ဝေယံနိုင် (ခ) ဝေယံ (၁၉) နှစ်၊ တိုးဝင်းကျော် (ခ) တိုးဝေကျော် (ခ) ကုလား (၂၈) နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။
သက်ပိုင်ထွန်း(ခ)ပိုင်လေးပါ ၄ ဦးတို့၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများ သိမ်းဆည်း ရရှိရေးဆောင်ရွက်ခဲ့ရာ သက်သေခံဖုန်း ၂ လုံးအား မှော်ဘီမြို့နယ်ရှိ ဖုန်းအပိုပစ္စည်းအရောင်းဆိုင် များမှလည်းကောင်း၊ ပြစ်မှုကျူး လွန်ရာတွင် အသုံးပြုခဲ့သည့် ဓားမြှောင် ၁ ချောင်းနှင့် လောက်လေးခွ ထည့်ထားသည့် ဘေးလွယ်အိတ် ၁ လုံးတို့အား စန္ဒကူးမြိုင် ရိပ်သာကျောင်းဝန်းအတွင်းရှိ ရေမြောင်း အတွင်းမှလည်းကောင်း သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံဖြစ်သူ တောင်ငူမြို့နယ်နေ တရားခံ စိုးထက် (ခ)အေကေတီ(၁၉)နှစ်အား ဇူလိုင် လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ငူမြို့နယ်၊ (၁၉)ရပ်ကွက်ရှိ ညောင်ပင်လေးဈေးအနီး၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ တရားခံ ၅ ဦးမှာ မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာတွင် ပန်းရံလုပ်ကိုင်နေသူများဖြစ်ပြီး ငွေကြေးအဆင်မပြေမှုကြောင့် ကျောင်း တိုက်အတွင်း ဝင်ရောက်ခိုးယူရန် တိုင်ပင်ခဲ့ကြခြင်းဖြစ်သည်။
ဇူလိုင်လ ၁ ရက်နေ့ ည ၁၀ နာရီတွင် ကျောင်းတိုက်အတွင်း ဝင်ရောက်စဉ် ဆရာတော်မှ မြင်တွေ့သွားသဖြင့် အသင့်ပါလာသော ဓားမြှောင် ၁ ချောင်းနှင့် ကျောင်းအတွင်းမှတွေ့သည့် စတီးဓား ၁ ချောင်းတို့ဖြင့် ထိုးသတ်ခဲ့ကြောင်း ထွက်ဆိုသည်။
၎င်းတို့သည် ဆရာတော်ထံမှ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်းကို လုယက်ယူဆောင်ကာ ခွဲဝေယူခဲ့ကြသည်။ လုံခြုံ ရေးတပ်ဖွဲ့ဝင်များသည် ဖုန်း ၂ လုံးကို ဖုန်းအပိုပစ္စည်း အရောင်းဆိုင်များတွင် ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး၊ ပြစ်မှုကျူးလွန်ရာ တွင် အသုံးပြုခဲ့သည့် ဓားများကိုလည်း ကျောင်းတိုက်အတွင်းရှိ ရေမြောင်းထဲမှ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံ ၅ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»… https://t.me/positiveanglenews
#PAN