အစ္စရေးနိုင်ငံတွင် အောက်တိုဘာ ၂၇ ရက်၌ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်၊ ဝန်ကြီးချုပ် နေတန်ယာဟု၏ ခေါင်းဆောင်မှုအတွက် အဆုံးအဖြတ်ပေးမည့် ရွေးကောက် ပွဲဖြစ်လာဖွယ်ရှိ

(နိုင်ငံတကာ) ဇူလိုင် ၁၃

    အစ္စရေးနိုင်ငံတွင် ဥပဒေအရ သတ်မှတ်ထားသည့် နောက်ဆုံးရက်ဖြစ်သော အောက်တိုဘာ ၂၇ ရက်တွင် အထွေထွေရွေး ကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း အစ္စရေးလွှတ်တော် (Knesset) က တရားဝင် ကြေညာခဲ့သည်။ ယခုရွေးကောက်ပွဲသည် ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲစတင်ချိန်မှစ၍ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် အစ္စရေးပြည်သူများ ၏ သဘောထားကို တိုင်းတာမည့် အဆုံး အဖြတ်ပေးမည့် ရွေးကောက်ပွဲတစ်ခုအဖြစ် နိုင်ငံရေးလေ့လာသုံးသပ်သူများက ရှုမြင်လျက်ရှိသည်။                

     အသက် ၇၆ နှစ်အရွယ် ဝန်ကြီးချုပ် နေတန်ယာဟုသည် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇွန်လကပင် အတည်ပြုထားခဲ့သည်။ ၂၀၂၃ ခုနှစ်၊ အောက် တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့သော ဟားမားစ်တို့၏ တိုက်ခိုက်မှုနောက်ပိုင်း အစ္စ ရေး၏ လုံခြုံရေးဆိုင်ရာ ချို့ယွင်းချက်များနှင့် ဂါဇာစစ်ပွဲကို ကိုင်တွယ်ဖြေရှင်းပုံတို့ကြောင့် နေတန်ယာဟုအပေါ် ပြင်းထန်သော ဝေဖန်မှုများ တိုးပွားလျက်ရှိသည်။

     ထို့အပြင် ၎င်းအနေဖြင့် အကျင့်ပျက်ခြစားမှုဆိုင်ရာ တရားရင်ဆိုင်နေရခြင်းနှင့် စစ်ပွဲအတွင်း ရည်မှန်းချက်များ မအောင် မြင်ခြင်းတို့ကြောင့် ရာထူးဆက်လက်ထမ်းဆောင်ရန် မသင့် တော်တော့ကြောင်း ပြိုင်ဘက်များက ထောက်ပြလျက်ရှိသည်။

   လတ်တလော လူထုစစ်တမ်းများအရ အစ္စရေးစစ် တပ်၏ ဝန်ထမ်းအကြီးအကဲဟောင်း ဂါဒီ အိုင်ဇင်ကော့ (Gadi Eisenkot)က နေတန်ယာဟု၏ အဓိကပြိုင်ဘက်အဖြစ် ပေါ် ထွက်လာသည်။ အိုင်ဇင်ကော့၏ Yashar ပါတီမှာ နေတန်ယာဟု၏ Likud ပါတီထက် လူထုထောက်ခံမှုတွင် အနည်းငယ် အသာစီးရနေကြောင်း တွေ့ရှိရသည်။ အိုင်ဇင်ကော့သည် ယခင်က နေတန်ယာဟု၏ စစ်ပွဲဆိုင်ရာအစိုး ရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အစိုးရ၏ စစ်ရေးရည်မှန်းချက်များ ကျရှုံးမှုကြောင့် နုတ်ထွက်ခဲ့သူဖြစ် သည်။

     လေ့လာသူများက ယခုရွေးကောက်ပွဲသည် ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ စတင်တည်ထောင်ချိန်မှစ၍ အရေးပါဆုံးနှင့် အဆိပ်အတောက်အဖြစ်ဆုံး ရွေးကောက်ပွဲဖြစ်လာလိမ့်မည်ဟု သုံးသပ်ကြသည်။ ပြည်တွင်းရေးရာ စိန်ခေါ်မှုများအပြင် ဂါဇာ၊ လက်ဘနွန်နှင့် အီရန်တို့နှင့် ဆက်စပ်နေသော ဒေသတွင်းတင်း မာမှုများ၊ နိုင်ငံတကာ၏ လူမျိုးတုံးသတ် ဖြတ်မှုဆိုင်ရာ စွပ်စွဲ ချက်များနှင့် အမေရိကန်အပါအဝင် မဟာမိတ်နိုင်ငံများနှင့် ဆက် ဆံရေး ပျက်စီးမှုများက ယခုရွေးကောက်ပွဲအပေါ် အကြီး အကျယ်သက်ရောက်မှုရှိနေသည်။

    နေတန်ယာဟုအနေဖြင့် ၎င်း၏ ရွေးကောက်ပွဲအလားအလာ ကောင်းမွန်စေရန်အတွက် တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုအပါအဝင် ဥပဒေကြမ်းအချို့ကို ရွေးကောက်ပွဲမတိုင်မီ အတည် ပြုနိုင်ရန် အလျင်စလို ကြိုးပမ်းလျက်ရှိသည်။

Telegram»… https://t.me/positiveanglenews

#PAN