ဘန်ကောက်မြို့တွင် စစ်သားဟောင်းတစ်ဦး၏ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

(နိုင်ငံတကာ) ဇူလိုင် ၁၃

   ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပရာဝက် (Prawet)ခရိုင်ရှိ နေအိမ် တစ်အိမ်တွင် ယမန်နေ့ (ဇူလိုင် ၁၂) ညနေပိုင်းက စစ်သားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးကာ ၎င်း၏ ချစ်သူဖြစ်သူမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။          

     အသက် ၁၉ နှစ်အရွယ် ဖလင် (Film) နှင့် အသက် ၃၆ နှစ်အရွယ် တန်း (Tarn) တို့သည် ညနေ ၆ နာရီခန့်တွင် အလုပ်မှ အတူပြန်လာစဉ် နေအိမ်ရှေ့၌ အဆိုပါပစ်ခတ်မှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ တန်း၏ ခင်ပွန်းဟောင်းဖြစ်သူ စစ်သား Nattaphon Chanprasert သည် အနက်ရောင် Mazda ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

     ဖလင်၏မိခင်ဖြစ်သူ ဝါရာပွန်း၏ ထွက်ဆိုချက်အရ သားဖြစ်သူသည် စစ်သားရောက်ရှိလာသည်ကို မြင်တွေ့ပြီးနောက် မိခင်ထံဖုန်းဆက်၍ အကူအညီတောင်းခဲ့သော် လည်း ကားပေါ်မှ မဆင်းရန် ပြောကြားနေစဉ်အတွင်း ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။             

​     ပစ်ခတ်မှုကြောင့် ဖလင်သည် ခေါင်းနှင့် ရင်ဘတ်တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ပြီး၊ တန်းမှာမူ ရင်ဘတ်၊ ပခုံးနှင့် ဝမ်းဗိုက်တို့တွင် ပြင်းထန်သော ကျည်ထိမှန်ဒဏ်ရာများဖြင့် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။

   ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တရားခံဖြစ်သူ တပ်ကြပ်ကြီး Nattaphon Chanprasert သည် ရာ့ချ်ဘူရီပြည်နယ်ရှိ ဘန်ပေါင်ရဲစခန်းသို့ ကိုယ်တိုင်သွားရောက် အလင်းဝင်ခဲ့သည်။ ၎င်းက ပစ်ခတ်ရာတွင် အသုံးပြုခဲ့သည့် 9mm Glock ပစ္စတိုသေနတ်ကို ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ပြီး၊ ဇနီးဟောင်းဖြစ်သူ တန်းအား အခြားလူတစ်ဦးနှင့် တွေ့လိုက်ရသည့်အတွက် မနာလိုစိတ်ဖြင့် ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ကာ ပစ်ခတ်မိခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။

      စုံတွဲလုပ်ကိုင်သည့် စက်ရုံပိုင်ရှင်က သတင်းထောက်များအား ပြောကြားရာတွင် တန်းနှင့် သူမ၏ ခင်ပွန်းဟောင်းတို့မှာ လွန်ခဲ့သည့် နှစ်နှစ်က ကွာရှင်းပြတ်စဲခဲ့ကြကြောင်း ပြောသည်။ ခွဲခွာပြီးနောက်ပိုင်း တရားခံမှာ စက်ရုံသို့ လာရောက်ခြင်း သို့မဟုတ် တန်းကို အနှောင့်အယှက်ပေးခြင်းမျိုး မတွေ့ဖူးကြောင်း ဆိုသည်။                             

     အလုပ်ရှင်က ဆက်လက်ပြောကြားရာတွင် အဆိုပါစုံတွဲ အတူရှိနေစဉ်ကာလက တရားခံနှင့် တွေ့ဆုံဖူးပြီး ထိုအချိန်က အကြမ်း ဖက်သည့်အပြုအမူမျိုး မတွေ့ရှိခဲ့ရကြောင်း ပြောသည်။

     ရဲတပ်ဖွဲ့က တရားခံအား ဆက်လက်စစ်ဆေးလျက်ရှိပြီး ဥပ ဒေအရ အရေးယူနိုင်ရန်အတွက် ဥဒုံဆွတ် (Udomsuk) ရဲစခန်းသို့ လွှဲပြောင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အလုပ်ရှင်များ၏ ထွက်ဆိုချက်အရ တရားခံသည် ခွဲခွာပြီးနောက်ပိုင်းတွင် ယခင်က အနှောင့်အယှက်ပေးခြင်း သို့မဟုတ် အကြမ်းဖက်ခြင်းမျိုး မရှိခဲ့ဘဲ ယခုကဲ့သို့ ရုတ် တရက် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။              

Telegram»… https://t.me/positiveanglenews

#PAN