ဟော်မုဇ်ရေလက်ကြားအရေး အီရန်နှင့် အမေရိကန်တို့အကြား တင်းမာမှုမြင့်တက်၊ အပြန်အလှန် စစ်ရေးခြိမ်းခြောက်မှုများ ပြုလုပ်  

(နိုင်ငံတကာ) ဇူလိုင် ၁၂

     ကမ္ဘာ့ရေနံဖြတ်သန်းမှု၏ ငါးပုံတစ်ပုံခန့်ရှိသည့် ဟော်မုဇ်ရေ လက်ကြား (Strait of Hormuz) တွင် သင်္ဘောသွားလာရေးအတွက် အီရန်နှင့် အမေရိကန်တို့၏ ရပ်တည်ချက်များမှာ ပြင်း ထန်စွာ ကွဲလွဲနေပြီး အပြန်အလှန် ခြိမ်းခြောက်မှုများကြောင့် ဒေသတွင်း ပဋိပက္ခများ ပိုမိုမြင့်တက်လာခဲ့သည်။

     အီရန်၏ ထိပ်သီးခေါင်းဆောင်သစ် မိုဂျာတာ ခါမေနီက ၎င်း ၏ဖခင်ဖြစ်သူ အလီခါမေနီအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အမေရိကန်နှင့် အစ္စရေးတို့အား လက်စားချေမည်ဟု ကတိပြုလိုက်သည်။

    အခြားတစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ချိန်ရွယ်ထားသည့် ဒုံးကျည်များ အသင့်ရှိနေကြောင်းနှင့် အမေရိကန်စစ်တပ်သည် အီရန်၏ နယ်မြေများကို အလုံးစုံဖျက်ဆီးပစ်ရန် အသင့်ရှိကြောင်း ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။            

     ကြာသပတေးနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်(IRGC) ရေတပ်က ဟော်မုဇ်ရေလက်ကြားရှိ သွားလာမှုသည် နောက်ဆုံးတိုက်ခိုက်မှုများ မတိုင်မီက အီရန်၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် စစ်မဖြစ်မီကထက် ၅၀ ရာခိုင်နှုန်းခန့်သို့ တဖြည်း ဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း နိုင်ငံခြားသားများသည် ရေလက်ကြားကို စီမံခန့်ခွဲရာတွင် “ပါဝင်ခွင့်မရှိ” ဘဲ သင်္ဘောများသည် သတ်မှတ်ထားသော လမ်းကြောင်းများမှတစ်ဆင့်သာ ဖြတ်သန်းရမည်ဟု ပြောကြားခဲ့သည်။

     အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုကို ၎င်းတို့၏ စည်း ကမ်းချက်များအတိုင်းသာ ဖြစ်စေရန် ကြိုးပမ်းနေပြီး “ပါရှန်းပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့” ကို တည်ထောင်ကြောင်း ကြေညာခဲ့သည်။               

     သို့သော် ဤလုပ်ရပ်ကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO)က ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အီရန်၏ အချုပ်အခြာ အာ ဏာပိုင်ဆိုင်ကြောင်း ပြောဆိုချက်များကို အသိအမှတ်မပြုရန် အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းထားသည်။

     အီရန်သည် ဂျော်ဒန်နိုင်ငံကို တိုက်ခိုက်ခဲ့ကြောင်း ပြောဆိုမှုများနှင့်အတူ ပင်လယ်ကွေ့နိုင်ငံများတွင်လည်း ဒရုန်းနှင့် ဒုံး ကျည်များ ကြားဖြတ်ဖျက်ဆီးခံရမှုများ ရှိနေသည်။ အမေရိကန်ဘက်မှလည်း အီရန်ဆိပ်ကမ်းမြို့များကို တတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့ကြောင်း ကြေညာထားသည်။

   သောကြာနေ့ကပင် အမေရိကန်ဘဏ္ဍာရေးဌာနသည် ဇွန်လ ၁၇ ရက်နေ့က MoU လက်မှတ်ရေးထိုးပြီးနောက် ပိုင်း အီရန်နှင့် ပတ်သက်သည့် ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူမှုအသစ်များကို ချမှတ်ခဲ့ပြီး ရေလက်ကြားအတွင်း နိုင်ငံတကာ သင်္ဘောများကို တိုက်ခိုက်မှုအတွက် တုံ့ပြန်သည့်အနေဖြင့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအချို့ကို သတ်မှတ်ခဲ့သည်။ ၎င်းတို့တွင် မိုဂျာတာ ခါမေနီနှင့် ဆက် နွှယ်မှုရှိသည်ဟုဆိုသူ “ငွေကြေးပံ့ပိုးပေးသူ” အလီ အန်ဆာရီ (Ali Ansari)အပြင် ငွေကြေးလဲလှယ်ရေး လုပ်ငန်းအချို့လည်း ပါဝင်သည်။                         

     လက်ရှိတွင် ကာတာနှင့် အိုမန်နိုင်ငံတို့က ကြားဝင်စေ့စပ်မှုများ ပြုလုပ်နေသော်လည်း အမေရိကန်ဘက်က အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီဟု သတ်မှတ်ထားသည်။ အီရန်နှင့် အမေရိကန်တို့သည် တိုက်ရိုက်စစ်ပွဲမဖြစ်ပွားစေရန် သံတမန်ရေး ရာ တံခါးကို ဖွင့်ထားဆဲဖြစ်သော်လည်း၊ အပြန်အလှန် စစ်ရေးဖိအားပေးမှုများနှင့်အတူ ဟော်မုဇ်ရေလက်ကြား၏ လုံခြုံရေးမှာ ကမ္ဘာ့စီးပွားရေးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာနေသည်။          

Telegram»… https://t.me/positiveanglenews

#PAN