ယူကရိန်းကို ရုရှားအပြင်း အထန် တိုက်ခိုက်၊ လူနှစ်ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိကာ အခြေခံအဆောက်အအုံများ ပျက်စီး  

(နိုင်ငံတကာ) ဇူလိုင် ၁၂

     ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ၏ မြို့တော်ကိယက်ဗ်အပါအဝင် မြို့ကြီးများအား ဘာလစ္စတစ် ဒုံးကျည်များ၊ ခရုစ် ဒုံးကျည်များနှင့် ဒရုန်းအုပ်စုများဖြင့် အပြင်း အထန် တိုက်ခိုက်ခဲ့ရာ အရပ်သား (၂) ဦး သေဆုံးပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက အတည် ပြုသည်။       

     စနေနေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် အိုဒက်ဆာမြို့၌ ဒုံးကျည်ထိမှန်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး၊ ခါကိဗ်မြို့ရှိ အရပ်သားအဆောက်အအုံတစ်ခုကို ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ မြို့တော်ကိယက်ဗ်တွင်လည်း ဘာလစ္စတစ် ဒုံးကျည်များ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဓာတ် အားပေးစခန်းများနှင့် ရုံးခန်းအဆောက်အအုံများ မီးလောင်ပျက်စီးခဲ့ရသည်။

    ယူကရိန်းလေတပ်၏ ထုတ်ပြန်ချက်အရ ရုရှားသည် Iskander-M သို့မဟုတ် S-400 ဘာလစ္စတစ် ဒုံးကျည် (၆) စင်း၊ ခရုစ် ဒုံးကျည် (၆) စင်းနှင့် ဒရုန်းပေါင်း (၁၂၁) စင်းကို အသုံးပြုခဲ့သည်။ ယူကရိန်း ကာကွယ်ရေးတပ်ဖွဲ့သည် ဒရုန်းအများစုကို ပစ်ချနိုင်ခဲ့သော်လည်း ဘာလစ္စတစ် ဒုံး ကျည် (၆) စင်းစလုံးမှာ ကာကွယ်ရေးစနစ်ကို ဖောက်ထွက်ပြီး ပစ်မှတ်များကို ထိမှန်ခဲ့သည်။          

  လက်ရှိတွင် ယူကရိန်းနိုင်ငံ၏ လေကြောင်းရန် ကာကွယ် ရေး လက်နက်ခဲယမ်းများ လျော့နည်းလာနေပြီး၊ အနောက် နိုင်ငံများ၏ စစ်ရေးအကူအညီများကို စောင့်ဆိုင်းနေရသည့် အခြေ အနေဖြစ်သည်။ ကာကွယ်ရေးတပ်ဖွဲ့များသည် ခေတ်မီ Patriot ဒုံးကျည်စနစ်များကို ဂရုတစိုက် ချွေတာသုံးစွဲနေရပြီး အရေးပေါ် စနစ်ပြောင်းလဲမှုများ လုပ်ဆောင်နေရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။          

     သမ္မတ ဇယ်လန်းစကီးက နေတိုးထိပ်သီးအစည်းအဝေးတွင် သဘောတူထားသည့် လေကြောင်းရန် ကာကွယ်ရေး ပက်ကေ့ခ်ျများကို အမြန်ဆုံး ပေးပို့ပေးရန် မဟာမိတ်နိုင်ငံများကို ထပ်မံတိုက်တွန်းခဲ့သည်။              

  ယခုသီတင်းပတ်ကုန် တိုက်ခိုက်မှုမှာ ဇူလိုင်လဆန်းကတည်းက မြို့တော်ကို ပစ်မှတ်ထားသည့် ရုရှား၏ လေ ကြောင်းစစ်ဆင်ရေးများ သိသိသာသာ မြင့်တက်လာပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ် သည်။ ဒေသဆိုင်ရာ အာဏာ ပိုင်များ၏ စုစည်းထားသော အချက်အလက်များအရ ဇူလိုင်လဆန်းပိုင်းမှစ၍ ကိယက်ဗ်နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့သည်။

    မြို့တော်ပြင်ပတွင်လည်း ရုရှား၏ နိုင်ငံတစ်ဝန်း ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများသည် နိုင်ငံတစ်ဝန်းရှိ အခြေခံအဆောက်အအုံ နေရာ အနည်းဆုံး ၁၁ ခုကို ထိမှန်ခဲ့ကြောင်း ယူကရိန်းလေတပ်က အတည်ပြုခဲ့သည်။         

Telegram»… https://t.me/positiveanglenews

#PAN