ဗြိတိန်တွင် ဇနီးနှင့် သမီးနှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူအား တောင်အာဖရိကတွင် ဖမ်းဆီးရမိ  

(နိုင်ငံတကာ) ဇူလိုင် ၁၁

     ဗြိတိန်နိုင်ငံ၊ ဘက်ဖို့ဒ်မြို့အနီးတွင် ၎င်း၏ဇနီးနှင့် သမီးနှစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ အသက် ၄၅ နှစ်အရွယ် ဇင်ဘာဘွေနိုင်ငံသား အန်ဒိုဒါနာ အမ်ခါနီစီ ချူမာ (Ndodana Mkhanyisi Tshuma) အား တောင်အာဖရိကနိုင်ငံ၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် အတည်ပြု ထုတ်ပြန်သည်။                   

ပြီးခဲ့သည့် တနင်္လာနေ့က ဂရိတ်ဒန်ဟမ်ရှိ ၎င်းတို့၏ မိသားစုနေအိမ်တွင် အသက် ၄၂ နှစ်အရွယ် ဇနီးဖြစ်သူ နိုသာဘို ဇန်ဒီလီ ချူမာ၊ ၁၅ နှစ်အရွယ် သမီးဖြစ်သူ နာတာလီနှင့် ၅ နှစ်အရွယ် သမီးဖြစ်သူ နာလာတို့ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းမိသားစုဝင်များကို အိမ်နီးချင်းများက ရက်အနည်း ငယ်ကြာ မတွေ့မြင်ရတော့သည့်နောက် တနင်္လာနေ့တွင် ရဲတပ်ဖွဲ့ထံ စိုးရိမ်ကြောင်း တိုင်ကြားခဲ့ရာမှ သေဆုံးနေခဲ့ကြောင်း သိရှိရသည်။                     

     အခင်းဖြစ်ပွားပြီးနောက် သံသယရှိသူမှာ ဗြိတိသျှနိုင်ငံကူးလက်မှတ်ကို အသုံးပြု၍ ဟีသရိုးလေဆိပ်မှတစ်ဆင့် နိုင်ငံပြင်ပသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ နိုင်ငံတ ကာရဲတပ်ဖွဲ့ (Interpol)၊ ဗြိတိန်အမျိုးသားမှုခင်းအေဂျင်စီနှင့် တောင်အာဖရိက အာဏာပိုင်များ ပူးပေါင်းကာ အလျင် အမြန် ခြေရာခံရှာဖွေခဲ့ရာ သောကြာနေ့တွင် ဂျိုဟန်နက်စဘာ့ဂ်မြို့၊ ကန်ဆင်တန်၌ ၎င်းအား ဖမ်းဆီးရမိခဲ့သည်။

     တောင်အာဖရိကရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “တောင်အာဖရိကသည် ရာဇဝတ်ကောင်များ ပုန်းခိုရာနေရာ မဟုတ်ကြောင်း” အလေးပေး ပြောကြားခဲ့ပြီး ဗြိတိန်အာဏာပိုင်များနှင့် ချိတ်ဆက်ကာ တရားခံလွှဲပြောင်းရေး လုပ်ငန်းစဉ်များကို ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

     သေဆုံးသွားသူ မိသားစုဝင်များအတွက် ရပ်ရွာလူထုနှင့် ပညာရေးဌာနများက အထူးဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကျောင်းအုပ်ကြီးများက နာလာအား “နေရောင် ခြည်ကဲ့သို့ တောက်ပသူ” ဟုလည်းကောင်း၊ နာတာလီအား “ထက်မြက်ပြီး ဘက်စုံတော်သည့် အားကစားနှင့် အနုပညာရှင်” ဟုလည်းကောင်း အမှတ်တရ စကားများ ပြောကြားခဲ့သည်။

     တရားခံအား တနင်္လာနေ့တွင် တရားရုံးသို့ ရုံးထုတ်သွားမည်ဖြစ်ပြီး၊ ဗြိတိန်နိုင်ငံရှိ တရားစွဲဆိုရေးအဖွဲ့ (CPS) ကလည်း ၎င်းအပေါ် လူသတ်မှုဆိုင်ရာ စွဲချက် (၃) ခုဖြင့် တရားဝင် စွဲချက်တင်ထားပြီးဖြစ်ကြောင်း သိရသည်။        

Telegram»… https://t.me/positiveanglenews

#PAN