
(နိုင်ငံတကာ) ဇူလိုင် ၁၁
ဘာဟားမားနိုင်ငံတွင် သောကြာနေ့က အသေးစားလေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူ ၁၀ ဦးစလုံး သေဆုံးခဲ့ပြီး အစိုးရအနေဖြင့် Flamingo Air လေကြောင်းလိုင်း၏ ပျံသန်းမှုများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် လေ ယာဉ်မှာ မီးလောင်ကျွမ်းနေပြီဖြစ်သည်။ ဘာဟားမားတော်ဝင်ရဲတပ်ဖွဲ့၏ အဆိုအရ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။ ဘာဟားမား လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေး အာဏာပိုင် အဖွဲ့၏ ထုတ်ပြန်ချက်အရ လေ ယာဉ်သည် နဆော (Nassau)မြို့ရှိ လင်ဒန်ပင်လင် (Lynden Pindling) အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆန်အန်ဒရော့စ် (San Andros) သို့ ဦးတည်ပျံသန်းစဉ် မြောက်အန်ဒရော့စ်ရှိ သစ်တောဧရိယာအတွင်း ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာဝန်ရှိသူများက သေဆုံးသူများ၏ အမည်စာရင်းကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း လေကြောင်းသတင်းရင်းမြစ်တစ်ခုအရ လေယာဉ်ပေါ်တွင် ဘာဟားမား၏ ထင်ရှားသော ဂီတအဖွဲ့ဖြစ်သည့် Da Pond အဖွဲ့ဝင်အချို့ ပါဝင်နေကြောင်း ဖော်ပြပါရှိသည်။ ထို့အပြင် ကျွန်းပေါ်တွင် လူကြိုက်များသည့် DJ Fresh လည်း လေယာဉ်ပေါ်တွင် ပါဝင်နိုင်ခြေရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
ဘာဟားမားဝန်ကြီးချုပ် ဖိလစ် ဘရေ့ဗ် ဒေးဗစ် (Philip Brave Davis) က အစပိုင်းတွင် တစ်ဦးအသက်ရှင်ကျန် ရစ်သည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်း သတင်းစာရှင်း လင်းပွဲတွင် ၎င်းမှာ ဒဏ်ရာများဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
“ကျွန်တော်တို့ဟာ အလွန်ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အခြေအနေမှာ စုဝေးနေရတာပါ” ဟု ၎င်းက ပြောကြားပြီး ဘာဟားမား၏ ၅၃ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုနေသည့်အချိန်တွင် ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ “ဒါဟာ ဝမ်းနည်းကြေကွဲရတဲ့ နေ့တစ်နေ့ ဖြစ်လာခဲ့ပါတယ်။ ချစ်ရတဲ့သူတွေ အိမ်ပြန်မလာတော့ဘူးဆိုတဲ့ သတင်းဆိုးကို လက်ခံရရှိတဲ့ မိသားစုတိုင်းအတွက် ကျွန်တော်တို့ အနက်ရှိုင်းဆုံး ဝမ်း နည်းကြောင်း ထုတ်ဖော်ပြောကြားပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါလေယာဉ်မှာ ဘာဟားမားတွင် မှတ်ပုံတင်ထားသည့် Cessna 402 အမျိုးအစား လေယာဉ်ဖြစ်သည်။ စွမ်းအင်၊ အသုံးအဆောင်နှင့် လေကြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Flamingo Air ၏ လေကြောင်းလုပ်ငန်းလက်မှတ်ကို ရပ်ဆိုင်းခြင်းမှာ ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း ကြိုတင်ကာကွယ်မှုဆိုင်ရာ ဘေးကင်းရေးအစီအမံတစ်ခုသာ ဖြစ် ကြောင်း သိရသည်။
အဆိုပါရပ်ဆိုင်းမှုမှာ သောကြာနေ့က ဖြစ်ပွားခဲ့သည့် ဘေးကင်းရေးဆိုင်ရာ ဖြစ်စဉ်နှစ်ခုကြောင့် ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
သတင်းစာရှင်းလင်းပွဲအတွင်း စွမ်းအင်၊ အသုံးအဆောင်နှင့် လေကြောင်းဝန်ကြီး ဂျိုဘက်သ် ကိုးလ်ဘီ-ဒေးဗစ် (JoBeth Coleby-Davis)က ပထမဖြစ်စဉ်မှာ သောကြာ နေ့အစောပိုင်းက Flamingo Air လေယာဉ်တစ်စင်းနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းသည် မာယာဂူအာနာ (Mayaguana) သို့ ပျံသန်းနေစဉ် လေယာဉ်မှူးက စိုးရိမ်စရာတစ်စုံတစ်ရာကို သတင်းပို့ပြီး နဆောသို့ ပြန်လှည့်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်ဆင်း သက်ပြီး ခရီး သည်များ ဆင်းသွားပြီးနောက် လေယာဉ်မှာ မီးလောင်ကျွမ်းခဲ့ကြောင်း ၎င်းက ပြောသည်။ အဆိုပါဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်။
Telegram»… https://t.me/positiveanglenews
#PAN