
(နိုင်ငံတကာ) ဇူလိုင် ၁၁
ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၊ ခရီးသွားများကြား ရေပန်းစားသော ဖူးကွတ် (Phu Quoc) ကျွန်းအနီးတွင် စနေနေ့ မွန်းလွဲပိုင်းက အိန္ဒိယခရီးသွားများ လိုက်ပါလာသည့် အမြန်ရေယာဉ်တစ်စင်း တိမ်းမှောက်ခဲ့ရာ လူ ၁၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ် အာဏာပိုင်များက အတည်ပြု ပြောကြားသည်။
အဆိုပါရေယာဉ်သည် ခရီးသွားများ အလွန်နှစ်သက်သည့် ဟွန်မေရွတ်ငိုအိုင် (Hon May Rut Ngoai) ကျွန်းမှ ထွက်ခွာလာပြီး အန်ထွိုင် (An Thoi) နိုင်ငံတကာဆိပ်ကမ်းသို့ ပြန်လာစဉ် ကမ်း ခြေမှ မီတာ ၄၀၀ ခန့်အကွာတွင် ရုတ်တရက် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။ ရေယာဉ်ပေါ်တွင် အိန္ဒိယခရီးသွား ၃၂ ဦးနှင့် သင်္ဘောသား ၄ ဦး၊ စုစု ပေါင်း ၃၆ ဦး လိုက်ပါလာခဲ့သည်။
မတော်တဆမှုဖြစ်ပွားပြီးနောက် အနီးအနားရှိ အခြားရေ ယာဉ်များက ချက်ချင်းရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဗီယက်နမ်နယ်ခြားစောင့်တပ်၊ ရေတပ်နှင့် ကမ်းခြေစောင့် တပ်များ ရောက်ရှိလာပြီး ပိတ်မိနေသူများကို ကယ်ထုတ်ခဲ့သည်။
အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ လူ ၂၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဒေသတွင်း ဆေးရုံများသို့ ပို့ဆောင်ကာ အရေးပေါ် ကုသမှုများ ပေးလျက်ရှိသည်။ သို့သော် ရေယာဉ်အတွင်း ပိတ်မိနေသူအချို့ရှိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အခက်အခဲများ ရှိခဲ့ကြောင်း သိရသည်။
ဟနွိုင်းမြို့ရှိ အိန္ဒိယသံရုံးက ဖြစ်စဉ်အား အတည်ပြုခဲ့ပြီး သေ ဆုံးသူများနှင့် ထိခိုက်သူများ၏ မိသားစုများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် မြို့တော်နှင့် ဟိုချီမင်းမြို့တို့တွင် အထူးထိန်းချုပ်ရေးခန်းများ ဖွင့်လှစ်ထားကြောင်း ကြေညာ သည်။ လက်ရှိတွင် မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်အတည်ပြုသွားမည်ဟု ဆိုသည်။
လွန်ခဲ့သောနှစ်များအတွင်း ဗီယက်နမ်ရေပြင်တွင် ခရီးသွားရေ ယာဉ် မတော်တဆမှုများ ဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် ဇူလိုင်လက ဟာလောင်းဘေး (Ha Long Bay) တွင် Wonder Sea ခရီးသွားလှေတစ်စင်း မုန်တိုင်းအတွင်း တိမ်းမှောက်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ဗီယက်နမ်၏ အသေအပျောက်အများဆုံး ရေကြောင်းမတော်တဆမှုများထဲမှ တစ်ခုဖြစ်ပြီး စုစုပေါင်း ၃၉ ဦး သေဆုံးခဲ့သည်။
ထိုင်းပင်လယ်ကွေ့တွင် တည်ရှိသော ဖူးကွတ်သည် ဗီယက် နမ်၏ အကျော်ကြားဆုံး ကမ်းခြေခရီးစဉ်များထဲမှ တစ်ခုဖြစ် သည်။ ဟွန်မေရွတ်ကျွန်းသည် ဖူးကွတ်၏ တောင်ဘက် ၁၀ ကီလိုမီတာခန့်တွင် တည်ရှိသည်။ နှစ်ခုစလုံးသည် နှစ်စဉ် ခရီး သွားသန်းပေါင်းများစွာကို ၎င်းတို့၏ သဲဖြူကမ်းခြေများနှင့် ကြည်လင်သော စိမ်းလန်းသည့် ရေပြင်များဆီသို့ ဆွဲဆောင်လျက်ရှိသည်။
Telegram»… https://t.me/positiveanglenews
#PAN