ဝေယာနတ်မြေပြိုမှု (၄) ရက်မြောက်နေ့တွင် သေဆုံးသူ (၇) ဦးအထိ တိုးလာ၊ ပျောက်ဆုံးနေသူအား ဆက်လက်ရှာဖွေနေ

(နိုင်ငံတကာ) ဇူလိုင် ၁၀

  အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ ဝေယာနတ်ခရိုင်တွင် ဖြစ်ပွားခဲ့သော အနာကွန်ပိုယေးလ်–မက်ပါဒီ (Anakkompoyil Meppadi) ဥမင်လိုဏ်ခေါင်းစီမံကိန်း လုပ်ငန်းခွင် မြေပြိုမှုတွင် သေဆုံးသူအရေအတွက် (၇) ဦးအထိ ရှိလာပြီဖြစ်ကြောင်း ခရိုင်တာဝန်ရှိသူများက သောကြာနေ့တွင် အတည်ပြုပြောကြားလိုက်သည်။

     မြေပြိုမှုဖြစ်ပွားပြီး (၄) ရက်မြောက်နေ့ ဖြစ်သည့် ယနေ့တွင် ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများကြားမှ ရုပ်အလောင်းတစ်လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါ ရုပ်အလောင်းမှာ အနောက်ဘင်္ဂလားပြည်နယ်မှ မြေတိုင်းစာရေး ရာကက်ရှ် ဂူချိုက် (Rakesh Guchait) ဖြစ်ကြောင်း ခွဲခြားသိရှိရသည်။ ၎င်း၏ရုပ်အလောင်းကို မီနာ့ရှီတံတားအနီးတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ရင်ခွဲစစ် ဆေးခြင်းနှင့် အလောင်းထိန်း သိမ်းခြင်း (Embalming) လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးနောက် မိသားစုဝင်များထံ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

လက်ရှိအချိန်အထိ ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်မှ ဆောက် လုပ်ရေးမန်နေဂျာ ဝီကရမ် ရာနာ (Vikram Rana)မှာမူ ပျောက် ဆုံးနေဆဲဖြစ်သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက အရှိန်အဟုန်ဖြင့် ဆက်လက်ရှာဖွေလျက်ရှိသည်။ အမျိုးသားသဘာဝဘေး အန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF)၊ မီးသတ်နှင့် ကယ်ဆယ်ရေးဝန်ဆောင်မှုအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြေတူးစက်ကြီးများကို အသုံးပြုကာ ရွှံ့နွံများအတွင်း ပိတ်မိနေနိုင်သည့် အခြားသူများကို ရှာဖွေလျက်ရှိသည်။             

     ပြီးခဲ့သည့် ဇူလိုင် ၇ ရက်က ဝေယာနတ်နှင့် ကိုဇီကို့ဒ်ခရိုင်များကို ဆက်သွယ်ပေးမည့် အနာကွန်ပိုယေးလ်–မက်ပါဒီ ဥမင်လိုဏ် ခေါင်းစီမံကိန်း လုပ်ငန်းခွင်၌ ကြီးမားသော မြေပြိုမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့အထိ ရုပ်အလောင်း (၆) လောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ရာမှ ယခုတစ်လောင်း ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။                 

  အဆိုပါ ဘေးအန္တရာယ်သည် ဒေသတွင်း အခြေခံအဆောက် အအုံ စီမံကိန်းများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပြီး၊ ကယ် ဆယ်ရေးအဖွဲ့များအနေဖြင့် ပျောက်ဆုံးနေသူကို အမြန်ဆုံးရှာ ဖွေတွေ့ရှိရေးအတွက် အားသွန်ခွန် စိုက် ကြိုးပမ်းလျက်ရှိသည်။                  

Telegram»… https://t.me/positiveanglenews

#PAN