သေဒဏ်ချမှတ်ခံထားရသော်လည်း ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာရန် ရှိတ်ဟာစီနာ ပြင်ဆင်နေ      

(နိုင်ငံတကာ) ဇူလိုင် ၁၀

  အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာသည် ၎င်း၏ပါတီဖြစ်သော အဝါမီလိဂ် (Awami League) ကို တရားဝင်ပိတ်ပင်ထားခြင်းအား စိန်ခေါ်ရန်နှင့် နိုင်ငံရေးနယ်ပယ်သို့ ပြန်လည်ဝင်ရောက်ရန်အတွက် ယခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လာမည်ဖြစ် ကြောင်း ရိုက်တာသတင်းဌာနသို့ ဖြေကြားခဲ့သည်။

     အသက် ၇၈ နှစ်အရွယ် ရှိတ်ဟာစီနာသည် ၂၀၂၄ ခုနှစ်က ကျောင်းသားဦးဆောင်သည့် အုံကြွမှုကြောင့် ရာထူးမှဖြုတ်ချခံခဲ့ရပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ခြင်းဖြစ် သည်။ ယခုအခါ သူမသည် သေဒဏ်အပါအဝင် ဥပဒေကြောင်းအရ အရေးယူမှုများစွာ ရင်ဆိုင်နေရသည်။ 

     “ကျွန်မ ပြန်ရောက်တာနဲ့ သူတို့ ကျွန်မကို ဖမ်းချင်ဖမ်းလိမ့်မယ်၊ သတ်တောင် သတ်ပစ်နိုင်တယ်” ဟု (၂) နှစ်အကြာက သူမထွက်ပြေးခဲ့သည့် အိန္ဒိယမြို့တော်မှ ဖုန်းဖြင့် အင်တာဗျူးလုပ်စဉ် ဟာစီနာက ပြောကြားခဲ့သည်။ “အကယ်၍ သေရမယ်ဆိုရင် တောင် ကျွန်မရဲ့ ကိုယ်ပိုင်မြေပေါ်မှာပဲ သေချင်တယ်” ဟု ပြောကြားကာ နေရပ်သို့ ပြန်လာရန် ဆုံးဖြတ်ထားသည်။             

     သူမ၏အစီအစဉ်မှာ ပါတီဝင်အကြီးအကဲများနှင့်အတူ ပြန် လာပြီး တရားရုံးတွင် တရားဝင်အညံ့ခံကာ သူမနှင့် သူမ၏ပါတီအပေါ် စွဲဆိုထားသော အမှုများကို တရားဥပဒေအရ စိန်ခေါ်ရန်ဖြစ်သည်။                  

     သို့သော်လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကမူ ရှိတ်ဟာစီနာကို ပြန်လည်လက်ခံရန် လုံးဝဆန္ဒမရှိကြောင်း ပြတ် သားစွာ ပြောကြားထားသည်။ ပြည်ထဲရေးဝန်ကြီး ဆာလာအူဒင်အာမက်က “ရှိတ်ဟာစီနာသည် ရက်စက်ကြမ်းကြုတ်သည့် လူသတ်မှုများကို ကျူးလွန်ခဲ့သူဖြစ်ပြီး ယနေ့တိုင် နောင်တမရသေးကြောင်း၊ အဝါမီလိဂ်ပါတီသည် နိုင်ငံရေးအရ ပျက်သုဉ်းသွားပြီ ဖြစ် ကြောင်း” ပြင်းထန်စွာ ဝေဖန်ပြောဆိုထားသည်။

     ရှိတ်ဟာစီနာ အိန္ဒိယတွင် ရှိနေခြင်းသည် အိမ်နီးချင်းနိုင်ငံနှစ်ခုကြား သံတမန်ရေးရာ ပွတ်တိုက်မှုတစ်ခု ဖြစ်နေ သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက သူမကို လွှဲပြောင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုထားသော်လည်း အိန္ဒိယအစိုးရအနေဖြင့် နိုင်ငံတကာသံတမန်ရေးရာ အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရသည်။ သို့သော် ဟာစီနာ၏ မိမိသဘော ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်ချက်သည် နှစ်နိုင်ငံအကြား တင်းမာမှုများကို လျော့ကျသွားစေနိုင်မလားဆိုသည်ကို နိုင်ငံတကာက စောင့်ကြည့်လျက်ရှိသည်။

Telegram»… https://t.me/positiveanglenews

#PAN