ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ အသုံးပြုခဲ့သည့် ၈ ထပ်အဆောက်အအုံ ထပ်မံဖြိုချဖျက်ဆီး

(မှုခင်း) ဇူလိုင် ၁၀

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံများအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက စနစ်တကျ ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၈ ထပ်အဆောက်အအုံတစ်လုံးကို ထပ်မံ၍ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ကာ ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံများအဖြစ် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အဆိုပါလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ စုစုပေါင်း ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးကို သတ်မှတ်ထားပြီး စနစ်တကျ ဖျက်ဆီးလျက်ရှိသည်။

ယနေ့ ဖျက်ဆီးခဲ့သည့် ၈ ထပ်အဆောက်အအုံသည် ဖောက်ခွဲ၍ ဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၂၀ လုံးအနက်မှ တစ်လုံးဖြစ်ပြီး သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖောက်ခွဲဖြိုချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် လက်ရှိအချိန်အထိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ စုစုပေါင်း ၇၁ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဖျက်ဆီးရန် ကျန်ရှိနေသည့် တရားမဝင်အဆောက်အအုံ ၆ လုံးကိုလည်း ဆက်လက်၍ သတ်မှတ်အစီအစဉ်များအတိုင်း စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/httpst.me/positiveanglenews #PAN

🌏 https://positiveanglenews.com/2026/07/10/ဘီးလင်းမြစ်ရေ-မြင့်တက်မ/

🌏Telegram

https://t.me/positiveanglenews